မွန်နှစ်ပါတီ ပေါင်းစည်းညှိနှိုင်းရေး အဖွဲ့ကနေ မွန်ပြည်သစ် နှုတ်ထွက်
2017.05.14

မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှစ်ခုကို တစ်ပါတီတည်းအဖြစ် ပေါင်းစည်းနိုင်ရေး အတွက် ကြိုးပမ်းနေတဲ့ နှစ်ပါတီပေါင်းစည်း ညှိနှိုင်းရေးအဖွဲ့ကနေ မွန်ပြည်သစ်ပါတီက နှုတ်ထွက်လိုက်ပါတယ်။
ပါတီပေါင်းစည်းရေးနဲ့ ပတ်သက်ပြီးဆောင်ရွက်ရာမှာ အဆင်မပြေမှုတွေရှိလာတဲ့အတွက် အခုလအတွင်း ကျင်းပခဲ့တဲ့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ နှုတ်ထွက်သွားတာဖြစ်တယ်လို့ မွန်အမျိုးသားပါတီရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် နိုင်စိုးမြင့်က ပြောပါတယ်။
"ဗဟိုကော်မတီအစည်းအဝေးမှာ သူတို့ထုတ်ပြန်ကြေညာချက်ပါတယ်။ နှစ်ပါတီညှိနှိုင်းရေးအဖွဲ့နဲ့ ပတ်သက် ပြီးတော့ ပါတီသစ်ထူထောင်ဖို့ဆိုတဲ့ကိစ္စကို သူတို့မလိုလားဘူး။ ဒါ့ကြောင့်သူတို့က ညှိနှိုင်းရေးအဖွဲ့ ကနေ နှုတ်ထွက်တယ်။ ဒါပေမဲ့ နောက်တစ်ပိုဒ်က မွန်ပါတီပေါင်းစည်းရေး အင်အားတစ်ခုတည်းဖြစ်ရေး ကို နောင်လာမယ့် အပိုင်းတွေမှာ ဆက်ပြီးတော့ ကြိုးစားသွားမယ်လို့ပါတယ်"
မွန်နှစ်ပါတီကို တစ်ပါတီတည်း ပေါင်းစည်းနိုင်ရေးအတွက် ပေါင်းစည်းညှိနှိုင်းရေးအဖွဲ့ကို မွန်ပြည်သစ်ပါတီက ၅ ဦး၊ သံဃာတော် ၈ ပါးနဲ့ ပညာရှင် ၅ ဦး စုစုပေါင်း ၁၈ ဦးနဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စတင်ဖွဲ့စည်းခဲ့တာ ဖြစ် ပါတယ်။
အဲဒီပေါင်းစည်းညှိနှိုင်းရေးအဖွဲ့ကို မွန်အမျိုးသားပါတီက လက်ခံပေမယ့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဘက်က လက်မခံဘဲ အဲဒီပါတီက အဖွဲ့ဝင်တချို့ကသာ လက်ခံခဲ့တာဖြစ်ပါတယ်။
ဒီအခြေအနေတွေကြောင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဘက်က ပေါင်းစည်းလိုသူတွေကို မွန်အမျိုးသား ပါတီဘက်ကို လာရောက်ပေါင်းစည်းဖို့ မွန်အမျိုးသားပါတီက ဖိတ်ခေါ်မှုတွေရှိခဲ့ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီဘက်က ပေါင်းစည်းလိုသူတွေက လက်မခံခဲ့ပါဘူး။
နောက်ဆုံးမှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီထဲက ပေါင်းစည်းညှိနှိုင်းရေးအဖွဲ့ကိုလက်ခံပြီး ပေါင်းစည်း လိုသူတွေနဲ့ မွန်အမျိုးသားပါတီဘက်က ပေါင်းစည်းလိုသူတွေကို စုစည်းပြီး ပါတီသစ်တစ်ခု ထူထောင်ဖို့ ပေါင်း စည်းညှိနှိုင်းရေးအဖွဲ့ဘက်က ဆောင်ရွက်လာတာ ဖြစ်ပါတယ်။
အဲဒီအခြေအနေကိုလည်း လက်မခံသူတွေများနေတဲ့အတွက် ညှိနှိုင်းမှုအဆင်မပြေ ဖြစ်ခဲ့ပါတယ်။
မွန်ပြည်သစ်ပါတီက ညှိနှိုင်းရေးအဖွဲ့ကနေ နှုတ်ထွက်လိုက်တာနဲ့ ပတ်သက်ပြီး ညှိနှိုင်းရေး အဖွဲ့မှာပါဝင်တဲ့ မွန်ပြည်သစ်ပါတီက နိုင်ဝင်းလှကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပြန်လည်ဖြေကြားမှု မရှိခဲ့ပါဘူး။