မွန်တစ်ပါတီတည်းဖြစ်ရေးကို မွန်အမျိုးသားပါတီက ခေါင်းဆောင်တွေ မဆောင်ရွက်နိုင်တာကြောင့်ဆိုပြီး ကျိုက်မရောမြို့နယ် မွန်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌနဲ့ ပါတီဝင် ၆၀ ကျော် မနေ့က ပါတီကနေ နှုတ်ထွက်လိုက် ပါတယ်။
ပါတီပေါင်းစည်းရေးကို ပြည်သူတွေက လိုလားပေမယ့် ပါတီခေါင်းဆောင်တွေက မလုပ်တာကြောင့် ပြည်သူတွေ ဆန္ဒအတိုင်း နှုတ်ထွက်လိုက်တာလို့ မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် မိစန္ဒာနွန် က ပြောပါတယ်။
"ပါတီခေါင်းဆောင်တွေက မပေါင်းသေးဘူး၊ မပေါင်းတာ ပြည်သူတွေရဲ့ လိုလားချက်ကို မလိုက်ရောတာပေါ့၊ ကျမတို့ ပါတီထဲမှာ ဆက်နေလို့ မရတော့ဘူးလေ"
ကျိုက်မရောမြို့နယ်မှာရှိတဲ့ မွန်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ၊ မြို့နယ်ပါတီအထွေထွေအတွင်းရေးမှူး၊ မြို့နယ် အလုပ်အမှုဆောင်နဲ့ ရပ်ကျေးအဆင့်တို့က ပါတီဝင် ၆၀ ကျော်ဟာ မနေ့က ပါတီဗဟိုထံ နှုတ်ထွက်စာတင် တာဖြစ်ပါတယ်။
အဲဒီလိုပါတီဝင် ၆၀ကျော် နှုတ်ထွက်စာတင်တာကို မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက အတည်ပြုပေးပြီး လာမယ့်ပါတီဗဟို အစည်းအဝေးမှာ ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။
မွန်အမျိုးသားပါတီကနေ နှုတ်ထွက်စာတင်ထားသူ ၆၀ ကျော်ဟာ တခြားပါတီတွေကို ဝင်ရောက်မှာ မဟုတ်ဘဲ မွန်နှစ်ပါတီပေါင်းစည်းရေးနဲ့ မွန်အမျိုးသားရေးကိစ္စတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ကော့ကရိတ်မြို့နယ်မှာရှိတဲ့ မွန်အမျိုးသားပါတီ ဗဟိုကော်မတီဝင် နှစ်ဦးနဲ့ မြို့နယ်ကော်မတီ သုံးဦးဟာ မွန်နိုင်ငံရေးပါတီခေါင်းဆောင်တွေအပေါ် ယုံကြည်မှုမရှိလို့ဆိုပြီး ပါတီကနေ နှုတ်ထွက်ခဲ့ပါတယ်။
မွန်အမျိုးသားပါတီဟာ ၁၉၈၈ ခုနှစ်တုန်းက မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF နာမည်နဲ့ ရွေးကောက်ပွဲဝင်ရောက် ကာ ကိုယ်စားလှယ်နေရာအတော်များများ အနိုင်ရရှိခဲ့သလို ၂၀၁၂ ခုနှစ်မှာ မွန်ဒီမိုကရေစီပါတီနာမည်နဲ့ ပြန်လည် မှတ်ပုံတင်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၁၄ ခုနှစ်မှာ မွန်အမျိုးသားပါတီနာမည်ပြောင်းပြီး မွန်ပါတီတွေထဲမှာ ပါတီဝင်အင်အားအများဆုံးရှိတဲ့ ပါတီဖြစ်ပါတယ်။