မွန်ပြည်နယ် ဝန်ကြီးချုပ်ကို NLD ပါတီက သတိပေးမယ်ဆိုတဲ့သတင်း မဟုတ်မှန်

တိုင်ကြားမှုတွေ ရှိနေတာကြောင့် သတိပေးဖို့ NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ထားတယ်ဆိုတဲ့ ဧရာဝတီသတင်းဌာန ရေးသားချက် သတင်းဟာ မမှန်ကန်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ က ငြင်းဆိုလိုက်ပါတယ်။

အဲဒီသတင်းကြောင့် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ဒီနေ့ မော်လမြိုင်မြို့က အစိုးရအဖဲ့ွရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ရှင်းလင်းခဲ့တာပါ။

သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာ အေးဇံက ပါတီက ဘာကြောင့်သတိပေးတာလဲလို့ ဧရာဝတီသတင်းဌာနက သူ့ကို ဆက်သွယ်လာပြီး မေးမြန်းလာချိန်မှာ သူ့အနေနဲ့ မသိထားကြောင်း ပါတီကို ဆက်သွယ်ပြီးမှ ဖြေနိုင်မယ်လို့ ပြန်ပြောခဲ့ကြာင်း ပြောပါတယ်။

အဲဒီနောက် ဒေါက်တာ မျိုးညွန့်ကို ဆက်သွယ်မေးမြန်းရာမှာ မဟုတ်ကြောင်းနဲ့ သတင်းနှိုက်ဖို့ မေးတာ ဖြစ်နိုင်ကြောင်း ပြန်ပြောတယ်လို့ ဒေါက်တာ အေးဇံက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး RFA က ဒေါက်တာ မျိုးညွန့်ကို ဆက်သွယ်ရာမှာလည်း မွန်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ နဲ့ ပတ်သက်လို့ ပါတီမှာ တိုင်ထားတာမရှိကြောင်း သတိပေးဖို့လည်း မရှိကြောင်း ပြောပါတယ်။

ဧရာဝတီသတင်းဌာန ဝက်ဘ်ဆိုက်မှာတော့ မွန်ဝန်ကြီးချုပ် သတင်းဖော်ပြထားတာကို ပြန်ဖျက်ထားပါတယ်။

လတ်တလောမှာတော့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ပါတီစည်းကမ်း ချိုးဖောက်မှုကြောင့် သတိပေးအရေးယူဖို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်တွေက စီစဉ်နေတယ်လို့ ဒေါက်တာ မျိုးညွန့်က ပြောထားပါတယ်။

လွိုင်ကော်မြို့နယ် မယ်စဲ့တိုက်နယ် ကက်သလစ်သာသနာ့မြေတချို့ကို ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက သိမ်းယူခဲ့ကြောင်း တိုင်ကြားထားတာတွေ ရှိလို့ NLD ပါတီတွင်း အစည်းအဝေးထိုင်ပြီး သတိပေးအရေးယူဖို့ စီစဉ်နေတာဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က RFA ကို ပြောထားတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇင်မာဝင်း ပေးပို့လိုက်တာပါ။