မွန်လွှတ်တော်ရုံးအရာရှိ လာဘ်ယူတဲ့ကိစ္စ ဝန်ကြီးချုပ်ဆီ မရောက်သေး


2017.07.28
mon-hluttaw-622.jpg မွန်ပြည်နယ်လွှတ်တော် ဆိုင်းပုဒ်ကိုတွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

မွန်ပြည်နယ် လွှတ်တော်ရုံး ဝန်ထမ်းသစ်တွေဆီကနေ လာဘ်ငွေတောင်းယူတဲ့ လွှတ်တော်ဦးစီးမှူးအပါအဝင် ၃ ဦးကို အရေးယူပေးဖို့အတွက် ပြည်နယ်လွှတ်တော်က ပြည်နယ်အစိုးရအဖွဲ့ကို အစီရင်ခံစာပို့ထားပေမယ့် အဲဒီ အစီရင်ခံစာဟာ ၁၀ ရက်ကျော်တဲ့အထိ ဝန်ကြီးချုပ်ဆီ မရောက်သေးဘူးလို့ ပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။။

လွှတ်တော် ကော်မတီရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကို RFA က မေးမြန်းရာမှာ သူ့ဆီကို အစီရင်ခံစာ မရောက်သေးဘူးလို့ ပြောပါတယ်။

မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိကတော့ လာဘ်ငွေ တောင်းယူမှုနဲ့ ပတ်သက်တဲ့ လွှတ်တော်ရဲ့ အစီရင်ခံစာကို ဇူလှိုင်လ ၁၇ ရက်နေ့ကတည်းက ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုလွှတ်တော် ကို ပေးပို့ထားတယ်လို့ ပြောပါတယ်။

"အန်တီတို့က လုပ်ထုံးလုပ်နည်းအတိုင်းပဲလုပ်တယ်၊ အန်တီတို့ဆီ လွှတ်တော်ရဲ့ တိုင်ကြားစာကော်မတီက စစ်တယ်၊ ၁၃ ရက်နေ့ပြီးတယ်၊ သူတို့ရဲ့အစီရင်ခံစာ အန်တီ့ဆီရောက်တယ်၊ အန်တီက ၁၄ ၇က်နေ့မှာ ဒီအလုပ်ကို သုံးသပ်သွားမှာ၊ အန်တီ ဖတ်ရှုတယ် သုံးသပ်တယ် ပြီးတာနဲ့အဖြေက ၁၇ ရက်နေ့ကို မွန်ပြည်နယ်အစိုးရကိုပို့တယ်"

ဇွန်လ ၃၀ ရက်နေ့က အတည်ပြုခန့်အပ်ခဲ့တဲ့ မွန်ပြည်နယ်လွှတ်တော်ရုံးက အငယ်တန်းစာရေး ကိုးဦးဆီကနေ လွှတ်တော်ရုံး ဦးစီးမှူး အပါအဝင် ၃ ယောက်က ငွေကျပ်သုံးသိန်းစီပေးဖို့ တောင်းယူခဲ့တယ်လို့ ငွေတောင်းခံရ သူတစ်ယောက်က တိုင်ကြားခဲ့တာပါ။

ဒီလိုတိုင်ကြားတာကြောင့် မွန်ပြည်နယ် လွှတ်တော်  တိုင်ကြားစာ၊အသနားခံစာ၊ တင်ပြစာနဲ့ အထွေထွေကိစ္စရပ် များကော်မတီက စစ်ဆေးခဲ့ပြီး ငွေသုံးသိန်းတောင်းယူတာ မှန်ကန်ကြောင်း ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။