မွန်ပြည်နယ်အစိုးရက ဖွဲ့စည်းတဲ့ စီမံကိန်းကော်မရှင်မှာ စီးပွားရေးလုပ်ငန်းရှင်နှစ်ဦး ပါဝင်နေတဲ့အတွက် ဝေ ဖန်ထောက်ပြမှုတွေ ရှိနေတာကြောင့် ကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြောပါတယ်။
ကော်မရှင် မဖွဲ့စည်းခင်မှာ အဖွဲ့ဝင်စာရင်းတွေ အပြင်ကို ပေါက်ကြားပြီး ဝေဖန်မှုတွေရှိတာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက ပြင်ဆင်ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး က ပြောပါတယ်။
"အစည်းအဝေးမထိုင်ခင် ဒီစာရွက်က အပြင်ထွက်သွားတာ၊ ပထမဖွဲ့ထားတဲ့ထဲမှာလည်းမပါဘူး၊ အကိုတို့အတည်က ထွက်ထားပြီးသား၊ အကိုတို့အစိုးရအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပြီးသား၊ အတည်ပြုလိုက်ပြီပေါ့
အရင်လျာထားချက်အရ အဲ့ဒီကေ်ာမရှင် အဖွဲ့ဝင် ၁၅ ဦးထဲမှာ အရင်အစိုးရနဲ့ နီးစပ်ပြီး ပြည်နယ်တွင်းစီမံကိန်းတွေ မှာ ဝေဖန်ခံနေရတဲ့ စုန်ရေကုမ္ပဏီနဲ့ ငွေမိုးဟိုတယ်ပိုင်ရှင် ဦးမိုးကျော်နဲ့ ရိုးရိုးလေးကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင် တို့ ပါဝင်နေတာကြောင့် ဖေ့ဘွတ်စာမျက်နှာတွေမှာ ဝေဖန်နေကြတာဖြစ်ပါတယ်။
ပြည်သူတွေမကြိုက်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်နေတာကြောင့် ပြင်ဆင်ဖွ့ဲစည်းသင့်တယ်ဆိုပြီး ကိုယ်စားလှယ်တစ်ဦးက ပြည်နယ်လွှတ်တော်မှာ အဆိုတင်သွင်းပြီး အကြံပြုခဲ့တာဖြစ်တယ်လို့ မွန်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။
"ပြောရရင်တော့ လူထုမကြိုက်တဲ့ ပုဂ္ဂိုလ်နှစ်ဦးကို ဝေဖန်မှုတွေ တော်တော်များလာတယ်၊ များလာတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကနေပြီးတော့ လူထုအသံ၊ လူထုဆန္ဒ၊ လူထုကြားမှာ ဒီလိုမျိုးဖြစ်ပေါ်နေတဲ့ ဝေဖန်မှုတွေကို ငဲ့ညှာပြီးတော့ အလေးအနက်ထားပြီးတော့ သင့်လျော်တဲ့သူတွေ၊ လူထုအများလက်ခံနိုင်တဲ့သူတွေနဲ့ ပြန်လည်ဖွဲ့စည်းသင့်တယ်လို့ သူကပြောတာပါ"
မွန်ပြည်နယ်အစိုးရက အသစ်ဖွဲ့စည်းတဲ့ စီမံကိန်းကော်မရှင်မှာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဗမာ၊ ကရင် နဲ့ ပအိုဝ်း တိုင်းရင်းသားရေးရာဝန်ကြီးတွေ နဲ့ စီးပွားရေးလုပ်ငန်းရှင်တချို့ ပါဝင်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော် ညွှန်ကြားချက်နဲ့ စီမံကိန်းကော်မရှင်ကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ဝန်ကြီးချုပ်တွေကိုယ်တိုင်ဦးဆောင်ဖဲ့ွစည်းရတာဖြစ်ပါတယ်။
စီမံကိန်းကော်မရှင်ဟာ တိုင်းနဲ့ ပြည်နယ်အတွင်းမှာလုပ်ဆောင်မယ့် စီမံကိန်းတွေဟာ ဒေသအကျိုး အများပြည်သူ အကျိုးကို ဘယ်လောက်ဆောင်ရွက်နိုင်မလဲဆိုတာနဲ့ ထိခိုက်ဆုံးရှုံးမှုတွေ ရှိ မရှိကို စိစစ်ဆုံးဖြတ်ပေးရတာဖြစ်တဲ့ အတွက် အရေးကြီးတဲ့ ကော်မရှင် ဖြစ်ပါတယ်။