သထုံမြို့နယ်က ဘိလပ်မြေစီမံကိန်း လွှတ်တော်ကိုယ်စားလှယ် ကန့်ကွက်


2018.03.22
khaingkhainglae-thaton-mp-622.jpg သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ ကို ၂ဝ၁၈ ခုနှစ် မတ်လ ၂၂ ရက်နေ့က မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

မွန်ပြည်နယ်၊ သထုံမြို့နယ်က မင်းလွင်တောင်မှာ ဘိလပ်မြေစက်ရုံ တည်ဆောက်ဖို့အတွက် ဖြူမင်းထွန်းကုမ္ပဏီကို ဓာတ်သတ္တုစမ်းသပ်လုပ်ကိုင်ခွင့် ထပ်မပေးဖို့အတွက် ဒေသခံတွေရဲ့ သဘောထားအတိုင်း တောင်းဆိုသွားမှာဖြစ် တယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။

ဒေသခံတွေကန့်ကွက်နေတဲ့ မင်းလွင်တောင်မှာ စမ်းသပ်တာတွေ မလုပ်ဖို့ ဒီနေ့ မွန်ပြည်နယ်လွှတ်တော်မှာ မေးမြန်းခဲ့သလို ပြည်နယ် ဝန်ကြီးချုပ်ကို စာပေးပို့ထားတယ်လို့ သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ က ပြောပါတယ်။

"ဓာတ်သတ္တု စမ်းသပ်တိုင်းတာတွေဟာ ၄ လပိုင်း ၂၂ ရက်နေ့မှာ သက်တမ်းကုန်ပြီးဖြစ်ပါတယ်၊ အဲဒီတော့ ကျမတို့ကတော့ တတိယအကြိမ်ဆိုတာ အဖြစ်မခံနိုင်တဲ့အတွက်ကြောင့်မို့ လွှတ်တော်မှာ ဒီမေးခွန်းမေးရခြင်းဖြစ် ပါတယ်၊ ကန့်ကွက်စာလည်းပို့ထားပါတယ်၊ နောက်ပြီးတော့ ဝန်ကြီးချုပ်ဆီကိုလည်း ရွာသားတွေလက်မှတ်ထိုးတဲ့ စာ ရောက်ရှိနေပြီဖြစ်ပါတယ်၊ လွှတ်တော်ကိုလည်း ရောက်ရှိနေပြီဖြစ်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်ဆီကို လည်းရောက်တယ်၊ တိုင်ကြားစာကော်မတီဆီကိုလည်းရောက်တယ်၊ လွှတ်တော်ဥက္ကဌဆီကိုလည်းရောက် ပါတယ်"

အဲဒီမင်းလွင်တောင်မှာ ဓာတ်သတ္တုစမ်းသပ် တိုင်းတာရေးနဲ့ ဖြစ်မြောက်နိုင်စွမ်းလေ့လာရေးကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက မြေဧက ၉၀၀ကျော်မှာ ပြည်ထောင်စု သတ္ထုတွင်းဝန်ကြီးဌာန ခွင့်ပြုချက်နဲ့ ဖြူမင်းထွန်းကုမ္ပဏီက ရရှိထားတာဖြစ်ပါတယ်။

မင်းလွင်တောင်ဟာ ထုံးကျောက်တောင်တွေ၊ သဘာဝလှိုင်ဂူတွေရှိပြီး ကရင်တိုင်းရင်းသားတွေ အထွတ်အမြတ် ထားရာ နေရာဖြစ်ပါတယ်။

မွန်ပြည်နယ် သစ်တောသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက မင်းလွင်တောင်မှာ ဓာတ်သတ္တုစမ်းသပ်တိုင်းတာရေးနဲ့ ဖြစ်မြောက်နိုင်စွမ်းလေ့လာရေးကို ဖြူမင်းထွန်းကုမ္ပဏီက ရရှိထားကြောင်းနဲ့  ပြည်ထောင်စု အစိုးရက ခွင့်ပြုထားတာဖြစ်ပြီး ပြည်နယ်အစိုးရမှာ လုပ်ပိုင်ခွင့် မရှိကြောင်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။