မိုးမိတ်မှာ လက်နက်ကြီးကြောင့် ဒေသခံ ဇနီးမောင်နှံနှစ်ဦး သေဆုံး
2024.01.13

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ အုန်းကြောရွာသစ်မှာ ဇန်နဝါရီလ ၁၂ ရက် မနေ့ညနေက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ဇနီးမောင်နှံနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေက အသက် ငါးဆယ်ကျော်အရွယ် ဦးကျောက်ခဲနဲ့ ဒေါ်မဇော်တို့ ဖြစ်ပါတယ်။
လူဦးရေ ၁၅၀၀ နီးပါးရှိတဲ့ အုန်းကြောရွာသစ် တစ်ရွာလုံးနီးပါး မနေ့မနက်ပိုင်းမှာ ထွက်ပြေးကြပေမယ့် သူတို့ ဇနီးမောင်နှံနှစ်ဦးက ထွက်မပြေးဘဲ ရွာမှာကျန်ခဲ့တာပါ။
ညနေပိုင်းမှာတော့ နေအိမ်ပေါ်လက်နက်ကြီးကျပြီး သေဆုံးခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“လင်မယားနှစ်ယောက် ပွဲချင်းပြီးပဲလေ။ သေသွားတာ။ လက်နက်ကြီးလာကျလို့ သူတို့အိမ်ကို။ သူများတွေကကျတော့ အကုန်ထွက်ပြေးတယ်ဆိုတော့ သူတို့ကကျတော့ အိမ်မှာပဲလေ။ လက်နက်ကြီးကျတာက အများကြီးပဲ။ နေ့လယ်ကနေ ညနေထိပစ်တာ။ နေ့လယ်က တိုက်အိမ်တစ်လုံးထိတာ။ ညနေပစ်တဲ့ဟာမှာ လူထိတာပေါ့။ ထိပြီး အကုန်တစ်စစီဖြစ်သွားတာပါ။ ရွာကလူတွေလည်း အကုန်ထွက်ပြေးနေကြတာ။ မနေ့က ညနေမှ အသံပြန်တိတ်သွားတာဆိုတော့ ဘယ်သူမှ ပြန်မလာရဲကြဘူး”
စစ်ကောင်စီတပ်က အုန်းကြောရွာသစ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ရှိနေတယ်ဆိုပြီး လက်နက်ကြီးနဲ့ ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၁၃ ရက် ဒီနေ့မနက်ပိုင်းမှာ လက်နက်ကြီးထိမှန် သေဆုံးခဲ့သူ ဇနီးမောင်နှံရဲ့ ရုပ်အလောင်း အပိုင်းအစတွေကို ကောက်ယူပြီးကူညီရေးအဖွဲ့တွေက မီးသင်္ဂြိုဟ် ပေးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ ရှမ်းပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးခွန်သိန်းမောင်ကို RFA ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ နှစ်ရပ်ကြာဆွေးနွေးခဲ့ပြီးနောက် ဇန်နဝါရီလ ၁၁ ရက်ည ၉ နာရီကစလို့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အပစ်ရပ်ဖို့ သဘောတူညီမှုရခဲ့ပါတယ်။
ဒါပေမဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဇန်နဝါရီလ ၁၂ ရက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိသလို ဇန်နဝါရီလ ၁၃ ရက် မနက်ပိုင်းမှာလည်း ကျောက်မဲမြို့အနီး စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ နှစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။