ကချင်ပြည်နယ် မိုးမောက်မြို့ မင်းဂျမ်းရွာက နေအိမ်နှစ်လုံးပေါ် မတ်လ ၂၅ ရက် မနက်မှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦးသေဆုံးကာ ကလေးသုံးဦးဒဏ်ရာရခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
သေဆုံးသူဟာ အသက် ၄၀ အရွယ် ဦးမောင်ထွေးဖြစ်ပြီး ဒဏ်ရာရသူတွေကအသက် ၁၁ နှစ်အရွယ် မောင်စိုင်းတိုးသန့်မောင်၊ အသက် ၁၅ နှစ်အရွယ် မအိပိုထွန်း၊ မနန်းတင်မိုးလွင်တို့ဖြစ်ပါတယ်။
ဗုံးခိုကျင်းထဲဝင်ဖို့ပြင်နေချိန်မှာ လက်နက်ကြီးကျည်ထိမှန်တာလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
“လက်နက်ကြီးတစ်လုံးက ကျော်သွားချိန်မှာ ကလေးတွေက အကုန်လုံးအိမ်ထဲမှာ လူကြီးတွေက အပြင်မှာ။ ကလေးတွေကို ကင်းပုန်းထဲသွားရအောင်လို့ ပြောနေတဲ့အချိန်မှာပဲ နောက်တစ်လုံး အိမ်ထဲကျလာတယ်။ အိမ်ထဲကျလာတော့ ကလေးတွေ မလွတ်တော့ဘူး”
ဒဏ်ရာရသူတွေဟာ ဗန်းမော်မြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ဒီလက်နက်ကြီးကို ဗန်းမော်မြို့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ပစ်ခတ်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ RFA အနေနဲ့တော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
လက်ရှိမှာ ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်(KIA) တို့ တိုက်ပွဲဖြစ်ပွားနေပါတယ်။