မိုးမောက်မှာ ဒေသခံသုံးဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက် ရေးတပ်မတော် (KIA) တို့အကြား နေ့စဉ်နီးပါးတိုက်ပွဲဖြစ်နေပြီး အောက်တိုဘာလ ၂၉ ရက်မနေ့ကလည်း စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မိုးမောက် ဒေသခံတွေက ပြောပါတယ်။
ခါနန်ရပ်ကွက်က နှစ်ဦးနဲ့ မံပုံအောက်ရွာက တစ်ဦး စုစုပေါင်း သုံးဦး လက်နက်ကြီးကျည် ထိမှန်ခဲ့တာလို့ မိုးမောက် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ရွာထဲကို လက်နက်ကြီးကျလို့ သုံးယောက် ဒဏ်ရာရရတယ်။ အားလုံး အမျိုးသမီးတွေပဲ။ ၁၂ နှစ်အရွယ် ကလေး တစ်ယောက်ပါတယ်။ အဲကလေးကတော့ လက်မောင်းမှာ နည်းနည်းပဲထိတာ။ အသက် (၆၀) အရွယ် အမျိုးသမီးကတော့ ပေါင်းနှစ်ဖက်ကို ထိတယ်။ နောက်တစ်ယောက်က လက်နဲ့ခေါင်းမှာထိတာ။ ဗန်းမော်ဆေးရုံမှာ ဆေးကုသနေကြတယ်”
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့ ကစပြီး စစ်ကောင်စီတပ်တွေက KIA တပ်ရင်း (၁၅) ရှိတဲ့ မိုးမောက်မြို့နားက လုံဂျာဘွမ် (တောင်ကုန်း) ကို ထိုးစစ်ဆင်နေသလို လေယာဉ်တွေ နဲ့ပါ တိုက်ခိုက်နေတာလို့ အမည်မဖော်လိုတဲ့ မိုးမောက်ဒေသခံက ပြောပါတယ်။
“မနေ့ကလည်း လေယာဉ်နဲ့ လာပစ်တယ်။ အခုမနက်အစောပိုင်းကလည်း လာပစ်တယ်။ အောက်တိုဘာ ၂၂ ရက်နေ့ကနေ ၂၄ ထိလည်း လေယာဉ်နဲ့ပစ်တယ်။ တိုက်ပွဲက နေ့တိုင်းဖြစ်နေတယ် လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်နေကြတာ”
တိုက်ပွဲတွေကြောင့် မိုးမောက်မြို့ ခါနန်ရပ်ကွက်နဲ့ လုံဂျာရွာဘက်မှာရှိတဲ့ ဒေသခံတချို့ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဒေသခံက ဆိုပါတယ်။
စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကလည်း တိုက်ပွဲဖြစ်နေတာနဲ့ ဒဏ်ရာရတာတွေ ကြားနေရပြီး ကူညီဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
“ထိတာတွေ ဒဏ်ရာရတာတွေတော့ ရှိပါတယ်။ ကိုယ့်ဆီမှာ လာနေတဲ့ဟာတွေကို တောက်လျှောက် ဝန်ကြီးချုပ်ဆီတင်ပြီး ထောက်ပံ့နေပါတယ်။ အတိအကျစာရင်းတော့ မရသေးပါဘူး”
ဒီနေ့မနက်အစော ၁ နာရီခန့်မှာလည်း ဂျက်တိုက်လေယာဉ်နှစ်စီး KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ပေါ် ပျံသန်းခဲ့ပြီးနောက် မိုးမောက်မြို့နယ်မှာရှိတဲ့ KIA တပ်ရင်း (၁၅) နေရာဘက်ကို ဗုံးကြဲခဲ့သလို လိုင်ဇာမြို့ဘက်ကိုလည်း လက်နက်ကြီးသုံးချက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အောက်တိုဘာ ၂၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် မိုးမောက်မြို့နယ် မံခွန်ရွာက အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။