မိုးကုတ်မှာ မိုးကြီးလို့ လေးနှစ်အရွယ် ကလေးအပါအဝင် မိသားစုသုံးဦး သေဆုံး

မန္တလေးတိုင်း မိုးကုတ်မြို့မှာ သြဂုတ်လ ၁၂ ရက်နေ့ မနက်မှာ မိုးရွာသွန်းမှု များခဲ့တဲ့အတွက် အနောက်ပိုင်း၊ ကျောက်ဖြူရပ်ကွက်က BOC ဆီဆိုင် အုတ်တံတိုင်း၊ နေအိမ်ပေါ် ပြိုကျခဲ့တဲ့အတွက် နေအိမ်အတွင်းက လေးနှစ်အရွယ် ကလေးတစ်ဦးနဲ့ အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း သုံးဦး သေဆုံးသွားတယ်လို့ မိုးကုတ်မြို့ ပါရမီ လူမှုကူညီရေးအသင်းက ပြောပါတယ်။
သေဆုံးသူတွေဟာ ယောက်ခမ၊ ချွေးမနဲ့ မြေးမငယ်ဖြစ်ပြီး ရုပ်အလောင်းတွေကို ကြပ်ပြင်ဆေးရုံကို ပို့ဆောင် ထားတယ်လို့ ပါရမီလူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ယောက်က RFA ကို ပြောပါတယ်။
"မနက်ပိုင်း ၇ နာရီလောက်မှာ သတင်းရလို့ ချက်ချင်းသွားလိုက်တယ်။ သူတို့အိမ်က အနိမ့်ပိုင်းမှာရှိတော့ အပေါ်ကနေ ပြိုကျတာပေါ့။ ဟိုရောက်တော့ ပိနေတဲ့ အပုံတွေ အောက်မှာ သူတို့အလောင်းတွေ တွေ့ရ တယ်။ အဖေဖြစ်သူက တောင်ယာလုပ်တော့ တောထဲမှာ အိပ်တာ။ အခုတော့ သူတို့အလောင်းတွေကို ကြပ်ပြင်ဆေးရုံကို ပို့လိုက်ပါပြီ။ ဒီကာလ မိုးတွင်းမှာ မိုးကုတ်က မြေပြိုတတ်တော့ ကမ်းပါးနေသူတွေ သတိဝီရိယနဲ့ အိပ်ဖို့လိုတယ်။ တစ်ခုခုဆို လူမှုကူညီရေးအသင်းတွေကို အကူညီတောင်းကြပါ"
သေဆုံးသူတွေထဲက ယောက်ခမဖြစ်သူဟာ အသက် ၆၀ ကျော်နဲ့ ချွေးမဖြစ်သူဟာ အသက် ၄၅ နှစ် အရွယ် ဖြစ်တယ်လို့ဆိုပါတယ်။
မိုးကုတ်မြို့နယ်မှာ ဒီရက်ပိုင်း နေ့စဉ် မိုးရွာသွန်းမှု များနေတဲ့အတွက် နေရာအချို့မှာ ရေကြီးရေလျှံ ဖြစ်ပေါ် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် စက်တင်ဘာလကလည်း မိုးကုတ်မြို့နယ် ကိုလံကျေးရွာမှာ အသက် လေးနှစ်အရွယ် ကလေးတစ်ယောက် အပါအဝင် မိသားစုဝင် သုံးယောက်ဟာ အခုလို မြေသားနံရံ ပြိုကျခဲ့တာကြောင့် သေဆုံးခဲ့ပါတယ်။