မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ စာတွေကို လုံးဝပြန်ကြားမှုမရှိတဲ့ အစိုးရဝန်ကြီးဌာနပေါင်း ၉ ခုထိရှိကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌက ဒီကနေ့ ပြည်ထောင်စုလွှတ်တော် မှာ ပြောပါတယ်။
၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ နှစ်ပတ်လည်အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်မှာ ရှင်းလင်းတင်ပြရာမှာ ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက အခုလို ပြောပါတယ်။
"ဘယ်လိုမှပြန်ကြားမှု မရှိဘဲ ဌာန ၉ ဌာနရှိပါတယ်၊ ၅ဝ ရာခိုင်နှုန်းကို ပြန်ကြားလွှာသို့ ဌာနအနေနဲ့ လုံးဝမပြန်ကြားတဲ့ဌာနတွင်းအနေနဲ့ လူ့အခွင့်အရေးကော်မရှင်ရဲ့ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများကို ယခုထက်ပိုမိုပြီးတော့ ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်တယ်လို့ သုံးသပ်ပြောကြားလိုပါတယ်"
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဟာ ကော်မရှင်က ပေးပို့ခဲ့တဲ့စာ ၈ စောင် လုံးကို ပြန်ကြားခဲ့တဲ့ဝန်ကြီးဌာနဖြစ်ပါတယ်။ ပြည်ထဲရေး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနတို့က ၈၁ ရာခိုင်နှုန်း၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနတို့က ၇၅ ရာခိုင်နှုန်း စာပြန်ကြားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၅၄ ရာခိုင်နှုန်းနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ၅၃ ရာခိုင်နှုန်းဖြစ်ပြီး ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးအစိုးရတို့က ၁၀ ရာခိုင်နှုန်းအောက် ပြန်ကြားတယ်လို့ဖော်ပြပါတယ်။
လူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ပါဝင်တဲ့အချက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ က ဆွေးနွေးကြမှာဖြစ်ပါတယ်။