လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေ နှုတ်ထွက်ပေးဖို့ လက်မှတ်ရေးထိုးတောင်းဆို
2016.09.24

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေ နှုတ်ထွက်ပေးဖို့နဲ့ ကော်မရှင်ကို အသစ်ပြန်လည် ဖွဲ့စည်းပေးဖို့ လက်မှတ်ရေးထိုးတောင်းဆိုတဲ့ လှုပ်ရှားမှုကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ်က လှည်းတန်းစင်တာရှေ့ မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေရဲ့ ပြုမူဆောင်ရွက်ချက်တွေကို မနှစ်သက်တဲ့ အတွက် ကော်မရှင်အဖွဲ့ နှုတ်ထွက်ပေးဖို့နဲ့ အသစ်ပြန်လည်ဖွဲ့စည်းပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုတာဖြစ် တယ်လို့ အဲဒီလှုပ်ရှားမူမှာ ဦးဆောင်ပါဝင်တဲ့ ကိုအောင်ဇော်က ပြောပါတယ်။
"ကျနော်တို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို နှုတ်ထွက်ပေးဖိုနဲ့ ကော်မရှင်အဖွဲ့ကို အသစ်ပြန်လည် ဖွဲ့စည်းပေးဖို့ ကျနော်တို့တောင်းဆိုတာပါ၊ လက်မှတ်ကတော့ သောင်းနဲ့ချီပြီးခန့်မှန်းထားတယ်၊ အရင်တုန်း ကလုပ်ခဲ့တဲ့ ကမ်ပိန်းတွေလည်း ၃၊ ၄ သောင်းထိရဘူးတယ်"
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် အင်းဝ အပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုက အိမ်ဖော်မိန်းကလေး နှစ်ယောက်ကို လစာမပေးဘဲ ညှဉ်းပန်းနှိပ်စက်ခဲ့ကြတဲ့ လုပ်ရပ်ကို လျော်ကြေးငွေနဲ့ ကျေအေးဖို့အတွက် ညှိနှိုင်းပေးခဲ့တဲ့ လူ့အခွင့်အရေးကော်မရှင်ကို မကျေနပ်တဲ့အတွက် နှုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
လက်မှတ်တွေကို လာမယ့် စက်တင်ဘာလ ၂၇ ရက်နေ့အထိ ၄ ရက်ကြာ ကောက်ယူမှာဖြစ်ပြီး ၂၈ ရက်နေ့ မှာ နိုင်ငံတော်သမ္မတရုံး၊ လွှတ်တော်နဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးကို ပေးပို့သွားမှာဖြစ်ပါတယ်။
ဒါ့အပြင် ကေ်ာမရှင် အဖွဲ့ဝင်တွေ နှုတ်ထွက်ရေးအတွက် လက်မှတ်တွေကို အွန်လိုင်းမှလည်း ကောက်ခံနေပါတယ်။
ဒီနေ့ လှုပ်ရှားမှုမှာ ဆန္ဒပြုလက်မှတ်ရေးထိုးခဲ့သူတွေက လူ့အခွင့်အရေးအကြောင်း တကယ်နားလည်သူ၊ ဥပဒေကို လေးစားသူတွေနဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပေး ဖို့ ပြောကြပါတယ်။
အဲဒီလှုပ်ရှားမှုကို ရန်ကုန်လူငယ်ကွန်ရက်၊ လူငယ်နှင့် လူမှုသဟဇာတဖြစ်ရေးစင်တာ၊ ညီမျှခြင်းမြန်မာ၊ Triangle Women Support စတဲ့အဖွဲ့တွေ ပူးပေါင်းပြုလုပ်တာဖြစ်ပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ရုံးရှေ့မှာ ကော်မရှင်အဖွဲ့ဝင်တွေ နှုတ်ထွက်ပေးဖို့ နေ့စဉ် ဆန္ဒပြသွားမယ်လို့ ပြောပါတယ်။