အယူခံကာလအ တွင်း စောင့်ရှောက်ပေးဖို့ မြန်မာ လူ့/ခွင့်ကော်မရှင် ထိုင်းကို ပန်ကြား
2015.12.28

ထိုင်းနိုင်ငံတောင်ပိုင်း ခိုထောင်းကျွန်း လူသတ်မှုမှာ မြန်မာအလုပ်သမားနှစ်ဦး သေဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး အယူခံဝင်တဲ့ကာလအတွင်း လူ့အခွင့်အရေးအရ ကာကွယ်စောင့်ရှောက်ပေးဖို့ မြန်မာအမျိုးသား လူ့အခွင့် အရေးကော်မရှင်က ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ပန်ကြားလိုက်ပါတယ်။
ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဆီ ဒီကနေ့ရက်စွဲနဲ့ မေတ္တာရပ်ခံစာ ပေးပို့လိုက်ကြောင်း မြန်မာ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော် က ပြောပါတယ်။
"ထောင်ထဲမှာ ညှင်းပမ်းနှိပ်စက်မှု မဖြစ်အောင် ပြောတာပေ့ါနော်၊ ဆေးပညာကလည်း အခိုင်အမာ မပြနိုင်ဘူး ဆိုတာသိတယ်၊ မျက်မြင်သက်သေလည်းမရှိဘူး၊ ရဲကလည်း ညှင်းပမ်းနှိပ်စက်တယ်ဆိုတဲ့ သတင်းတွေလည်း ရတယ်၊ ကျနော်တို့ မြို့တွေမှာလည်း ဆန္ဒပြတယ်ဆိုတဲ့အကြောင်း၊ သူတို့လွတ်မြောက်ရေးကို တောင်းဆိုနေကြ တာရှိတော့လေ၊ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တရားမျှမျှတတဖြစ်ဖို့ အယူခံဝင်တဲ့ကာလမှာလည်း ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးတွေခံစားဖို့၊ ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကို ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဌကို ဒီနေ့ပဲ ပို့လိုက်တာပေါ့နော်"
အယူခံဝင်တဲ့အခါမှာ သူတို့နှစ်ဦးရသင့်ရထိုက်တဲ့ အခွင့်အရေးတွေခံစားခွင့်ရဖို့၊ ထိုင်းတရားရုံးဘက်က တရားမျှတစွာနဲ့ စီရင်ဆုံးဖြတ်ဖို့၊ ဥပဒေအရ ကာကွယ်စောင့်ရှောက်မှုမှာ ခွဲခြားဆက်ဆံတာတွေ မလုပ်ဖို့ တောင်းဆိုလိုက်တာဖြစ်တယ်လို့ ပြောပါတယ်။
ဒီအတွင်း မြန်မာနိုင်ငံသားနှစ်ဦးအပေါ် စီရင်ချက်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်က ထိုင်း မြန်မာနယ်စပ် ဘုရားသုံးဆူဂိတ်မှာ ဒီနေ့ ဒုတိယအကြိမ် ဆန္ဒပြခဲ့ကြပြီး၊ ဒီအမှုကို ပြန်လည် သုံးသပ်ပေးဖို့ မေတ္တာရပ်ခံစာကို ထိုင်းနိုင်ငံ ကန်ချနပူရီမြို့ လက်ထောက်မြို့ပိုင်ထံ ပေးအပ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံဘက်က စက်ရုံတချို့လည်း မနေ့ကစပြီး ရက်ရှည်ပိတ်လိုက်တယ်လို့ သိရပါတယ်။ အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာလည်း မြို့ခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
မလေးရှားနိုင်ငံမှာတော့ ဒီအမှု စီရင်ချင်နဲ့ ပတ်သက်ပြီး ထိုင်းသံရုံးရှေ့မှာ ဒီနေ့ ကန့်ကွက်ဆန္ဒပြခဲ့ တဲ့ မြန်မာနိုင်ငံသားတွေထဲက ဦးဆောင်သူနှစ်ဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ဆန္ဒပြဖို့အတွက် ခွင့်ပြုမိန့်ရထားပြီးဖြစ်ပေမဲ့၊ ခွင့်ပြုထားတဲ့ လူဦးရေထက် ပိုမိုများပြားလာတဲ့အတွက် ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကူညီရေးအဖွဲ့က ကိုကျော်သိန်းနိုင် က ပြောပါတယ်။
"ပထမဆုံး ရဲမှူးတွေရောက်လာပြီး သူတို့ခွင့်မပြုဘူးလို့ပြောတယ်၊ ငါတို့က ခွင့်ပြုစာတင်ထားပါတယ်၊ သူတို့က လုံးဝခွင့်မပြုဘူး လူနှစ်ယောက်ပဲ ထိုင်းသံရုံးထဲ ဝင်လို့ရမယ်လို့ ပြောတယ်ခင်ဗျ၊ ကျနော်တို့က ဖြေးဖြေးရှင်းညှိရင်း နဲ့ ညှိလို့မရဘူးဖြစ်နေတယ်၊ လူတွေကလည်း တဖြည်းဖြည်းများလာတယ်၊ လူတွေက ဒီအတိုင်းတော့ မပြန်ဘူးဆိုပြီး အားလုံးက အော်ဟစ်သွားကြတာပေါ့၊ ရဲတွေက ခေါင်းဆောင်နှစ်ယောက်ကို ခေါ်သွားတယ်၊ သူတို့က မလေးရှားဥပဒေနဲ့ မလွတ်ဘူးလို့ပြောပါတယ်၊ နိုင်ငံခြားသားတွေက ဆန္ဒပြလို့မရဘူးလို့ပြောတယ်"
ဆန္ဒပြပွဲကို ဦးဆောင်သူတွေဖြစ်တဲ့ မြန်မာရွေ့ပြောင်းအလုပ်သမား ကူညီရေးအဖွဲ့က ဦးချစ်ကောင်းနဲ့ ကပုန်းနာရေးကူညီမှုအသင်း ဥက္ကဌ ကိုသန်းဝင်းတို့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အဲဒီဆန္ဒပြပွဲကို မလေးရှားနိုင်ငံ ရောက်ရှိနေတဲ့ စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ဆိုင် စတာတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား ၅၀၀ ဝန်းကျင် ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီအတွင်း ခိုထောင်းကျွန်းလူသတ်မှုမှာ သေဒဏ်ချမှတ်ခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း ခေါ် ကိုဝေဖြိုးတို့ ဟာ ထောင်ပြောင်းအပြီး၊ သူတို့ရဲ့မိခင်တွေနဲ့ ဒီနေ့ စကားပြောဆိုခွင့် ရရှိခဲ့ပါတယ်။
သူတို့ကို ဒီဇင်ဘာ ၂၄ရက်နေ့က သေဒဏ်အမိန့်ချမှတ်ခဲ့ပြီးတဲ့နောက်၊ ကော့စမွေထောင်ကနေ၊ လုံခြုံရေးပိုတင်းကြပ်တဲ့ နခွန်စီတာမရားထောင်ကို ပြောင်းရွေ့ခဲ့ပါတယ်။
အဲဒီထောင်မှာ မိသားစုထောင်ဝင်စာ တွေ့ခွင့်ရတဲ့နေ့ဟာ အင်္ဂါနေ့နဲ့ ကြာသပတေးနေ့ဖြစ်တာကြောင့် လူကိုယ်တိုင်တွေ့ခွင့်မရဘဲ၊ ကွန်ပြူတာကတဆင့်သာ စကားပြောခွင့်ရခဲ့တယ်လို့ သိရပါတယ်။ ကိုဝေဖြိုးရဲ့ မိခင်ဒေါ်ခင်သိန်းက ပြောပါတယ်။
ဒေါ်ခင်သိန်းက သူ့သားကို ကျန်းကျန်းမာမာ ပျော်ပျော်ရွင်ရွင်တွေ့ခဲ့ရကြောင်း၊ ဒါပေမဲ့ ၂၄နာရီ ခြေချင်းခတ် ထားတာတွေ့ရပြီး၊ ထိုင်းနိုင်ငံဥပဒေအရ တစ်လတိတိ ထောင်ထဲမှာ ခြေချင်းခတ်ခံရမယ်လို့ သိရကြောင်း ပြောပါတယ်။
ကိုဇော်လင်းနဲ့ ကိုဝေဖြိုး တို့အနေနဲ့ ထောင်ပြောင်းလိုက်ချိန်မှာ စိုးရိမ်မှုတွေရှိနေပေမဲ့ ထောင်ဝန်ထမ်းတွေနဲ့ အကျဉ်းသားတွေက ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး အားပေးစကားပြောကြားကြကြောင်း၊ နေရေးထိုင်ရေး လည်း အရင်ထောင်ထက် ပိုမိုကောင်းမွန်ကြောင်းပြောပြတယ်လို့ ကိုဝေဖြိုးရဲ့မိခင် ဒေါ်ခင်သိန်း က ပြောပါ တယ်။
ဒေါ်ခင်သိန်း ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့တာ နားဆင်နိုင်ပါတယ်။