ကိုးကန့်တပ် MNDAA လားရှိုးမြို့ပေါ်က ဆုတ်ခွာဖို့ ပြင်ဆင်နေ
လားရှိုးမြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကိုးကန့်တပ် (MNDAA) ဟာ ဧပြီလ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး မြို့ပေါ်ကနေ ဆုတ်ခွာဖို့ ပြင်ဆင်နေတယ်လို့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။
-
RFA Burmese
2025-04-04 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကိုးကန့်တပ် (MNDAA) ဟာ လာမဲ့ ဧပြီလ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး မြို့ပေါ်ကနေ ဆုတ်ခွာဖို့ ပြင်ဆင်နေတယ်လို့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ဧပြီလ ၄ ရက်နေ့မှာအတည်ပြုပြောပါတယ်။
MNDAA တပ်တွေဆုတ်ခွာပြီးနောက် မြို့ပေါ်မှာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားနဲ့လည်ပတ်မှာဖြစ်ပြီး ကိုယ်စားလှယ်ရုံးတွေပါ ထားရှိနိုင်တယ်လို့လည်းသူကပြောပါတယ်။
"စစ်တပ်ရယ်၊ ကိုးကန့်ရယ်၊ တရုတ်ကိုယ်စားလှယ် ပေါင်းပြီးရုံးထိုင်မယ့်ခြေအနေ ရှိပါတယ်။ ဧပြီ ၂၂ရက်နေ့မှာ အဝင်အထွက် အချိန်းအပြောင်းလုပ်မယ်”
နောက်ထပ် MNDAA နဲ့ နီးစပ်သူတစ်ဦးကတော့ ကိုးကန့်တပ် (MNDAA) ဟာ လားရှိုးမြို့ပေါ်ရပ်ကွက်တွေနေ ဆုတ်ခွာပေးမှာဖြစ်ပေမဲ့ မြို့နဲ့ သုံးမိုင်အကွာအဝေးမှာတော့ ဆက်ပြီးနေရာယူထားဦးမှာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဥ်ကို လေ့လာစောင့်ကြည့်သူ တစ်ဦးကလည်း ကိုးကန့်တပ် (MNDAA) လားရှိုးကနေ ဆုတ်ခွာပေးဖို့အတွက် ကူမင်းဆွေးနွေးပွဲမှာ သဘောတူခဲ့တာလို့ပြောပါတယ်။
လက်ရှိ မြို့ပေါ်ရပ်ကွက်အချို့မှာ နေရာယူထားတဲ့ MNDAA တပ်တွေဟာ ပစ္စည်းတွေသိမ်းနေတာတွေ့ရတယ်လို့ လားရှိုးမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
"ကိုးကန့်တပ်က ပစ္စည်းတွေ စသိမ်းနေပြီ။ ဝန်ထမ်းတွေကိုလည်း သူတို့နဲ့ခေါ်သွားဖို့ရှိတယ်"
စစ်ကောင်စီ ထောက်ခံတဲ့ ဆိုရှယ်မီဒီယာသုံးစွဲသူတွေကြားမှာလည်း လားရှိုးမြို့မှာ စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းရုံးတွေ ပြန်ဖွင့်ခွင့်ရမယ့်အကြောင်း ရေးသားဖော်ပြနေကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ MNDAA ဘက်က တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာမရှိသေးသလို MNDAA ပြောခွင့် ရသူ လီကျားဝင်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
ဒေသခံအချို့ကတော့ စစ်ကောင်စီက ပြန်လည်ရုံးစိုက်လာမှာကို စိုးရိမ်နေကြတယ်လို့ နောက်ထပ် လားရှိုးမြို့ခံ တစ်ဦးက RFA ကိုပြောပါတယ်။
"စစ်တပ်ရုံး ပြန်စိုက်ပြီး မြို့ခံတွေကို မတရားဖမ်းဆီးတာတို့ သူတို့နဲ့ပါလာတဲ့ စစ်တပ်ထောက်ခံတဲ့သူတွေက ချောက်ချတာတို့၊ တခြားတော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲ ပြန်ဖြစ်တာမျိုးဆို လူထုပဲနာမှာလေ။ အဲဒါကို စိုးရိမ်နေကြတာ"
ကိုးကန့်တပ် (MNDAA) ဟာ ၁၀၂၇ စစ်ဆင်ရေးကာလဖြစ်တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ လားရှိုးအခြေစိုက် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီး လားရှိုးမြိုကိုပါ ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။