ပန်ဆိုင်းနယ်စပ်ဂိတ်ကို MNDAA တိုက်ခိုက်သိမ်းပိုက်

RFA Burmese
2023.11.19
ပန်ဆိုင်းနယ်စပ်ဂိတ်ကို MNDAA တိုက်ခိုက်သိမ်းပိုက် တရုတ်-မြန်မာနယ်စပ် ပန်ဆိုင်းဂိတ်ကို ၂၀၂၀ ပြည့်နှစ် ဧပြီလက တွေ့ရစဉ်။
MOI

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့က နယ်စပ်ဂိတ်ကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကိုးကန့်တပ်မတော်- မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDAA) က ပြောပါတယ်။

နိုဝင်ဘာ ၁၉ ရက် မနက်က တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက RFA ကို ပြောပါတယ်။

"ပန်ဆိုင်းနယ်စပ်ဂိတ်နဲ့ ကိုးကန့်ခရိုင်မှာရှိတဲ့ တပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်၊ တိုက်ပွဲမှာ ဒရုန်းသုံးပြီး လေကြောင်းပစ်ကူရယူခဲ့ပါတယ်"

ကိုးကန့်ခရိုင် တာရွှေထန်းအုပ်စုက ရွှင်မာလင်က စစ်ကောင်စီ တပ်စခန်းကို သိမ်းယူခဲ့တာပါ။

တိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ မသိရသေးဘူးလို့ MNDAA က ပြောပါတယ်။

MNDAA က သိမ်းယူခဲ့တဲ့ ပန်ဆိုင်းနယ်စပ်ဂိတ်ဟာ တရုတ်နိုင်ငံ ဝမ်တိန်ဂိတ်နဲ့ ဆက်သွယ်ထားတဲ့ နေရာဖြစ်ပါတယ်။

လက်ရှိအထိ MNDAA အဖွဲ့ဟာ ချင်းရွှေဟော်၊ မုံးကိုးနဲ့ ပန်ဆိုင်းနယ်စပ်ဂိတ် သုံးခုကို သိမ်းပိုက်ထားပါတယ်။

ပန်ဆိုင်းနယ်စပ်ဂိတ် တိုက်ခိုက်သိမ်းပိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါဘူး။

တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA)နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့တဲ့ "၁၀၂၇ စစ်ဆင်ရေးအတွင်း" ညီနောင်မဟာမိတ်သုံးဖွဲ့က စစ်ကောင်စီ တပ်စခန်း ၁၅၄ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ MNDAA က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။