ကိုးကန့်နဲ့သိန္နီမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦးသေဆုံးကြောင်း MNDAA ထုတ်ပြန်
2023.12.24

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသနဲ့ သိန္နီမြို့နယ်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေပစ်ခတ်တိုက်ခိုက်တာကြောင့် အရပ်သားသုံးဦးသေဆုံးပြီး ဆယ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNDAA) က ဒီဇင်ဘာလ ၂၄ ရက်မှာ ထုန်ပြန်ပါတယ်။
ဒီဇင်ဘာလ ၂၃ ရက်နေ့က ကိုးကန့်ဒေသရှိ အိုနေရာကို စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်နဲ့ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ဘေးဒုက္ခသည်တွေခိုလှုံနေတဲ့ နေရာကို ကျရောက်ပေါက်ကွဲတာကြောင့် တစ်ဦးသေဆုံးခဲ့ပြီး ကလေးတစ်ဦးပါအဝင် ငါးဦးထိခိုက်ဒဏ်ရာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့မှာပဲ သိန္နီမြို့နယ်မှာ စစ်ကောင်က ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါအပြင့် ဒီဇင်ဘာလ ၂၃ ရက်နေ့က နယ်စပ်မှတ်တိုင် (၁၂၃) နေရာက အသက် ၁၆ နှစ်အရွယ် စစ်ဘေးဒုက္ခသည် မိန်းကလေးတစ်ဦးဟာ ထင်းကောက်နေစဉ် မိုင်းနင်းမိပြီး ညာဘက်ခြေထောက် ကျိုးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးသလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ဒီဇင်ဘာလ ၁၈ ရက်နေ့တုန်းကလည်း စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်တွေနဲ့ ကိုးကန့်ဒေသနဲ့ ကိုးကန့်ဘေးပတ်လည်နေရာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လောက်ကိုင်ဒေသအတွင်း ပစ်ခတ်မှုဖြစ်နေတယ်လို့လည်းဆိုပါတယ်။
ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ ရှမ်းပြည်နယ်အထူးဒေသ (၁) နယ်မြေမှာ စစ်ကောင်စီလေကြောင်းကနေ ရမ်းသမ်းပစ်ခတ်တာကြောင့် အရပ်သား ၅၅ သေဆုံးခဲ့ပြီး အနည်းဆုံးလေးဆယ်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။