မုံးကိုးဒေသ တိုက်ပွဲတွေကြောင့် ဒေသခံ ၈၀၀ ကျော် ထွက်ပြေးရ

ခက်မာ (ဝါရှင်တန် ဒီစီ)
2021.08.31
မုံးကိုးဒေသ တိုက်ပွဲတွေကြောင့် ဒေသခံ ၈၀၀ ကျော် ထွက်ပြေးရ MNDAA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲကြောင့် မုံကိုးမြို့နယ်က စစ်ဘေးရှောင်တွေကို တွေ့ရစဥ်
Photo: CJ

ရှမ်းပြည်နယ်မြောက်ပိုင်း ကြူကုတ်၊ ပန်ဆိုင်းနဲ့ မုံးကိုးဒေသဘက်မှာ စစ်တပ်နဲ့ MNDAA တပ်ဖွဲ့တွေအကြား ဩဂုတ် ၂၈ ရက်ကနေ ဒီကနေ့ ဩဂုတ် ၃၁ ရက်နေ့အထိ လေးရက်ဆက်တိုက် တိုက်ပွဲတွေပြင်းထန်နေပြီး မနေ့ကတော့ စစ်တပ်ဘက်က သေဆုံးရုပ်အလောင်း ၁၇ လောင်းကို စွန့်ပစ်ထားတာ တွေ့ရတယ်လို့ ဒေသ အခြေစိုက် သတင်းမီဒီယာတွေနဲ့ ဒေသတွင်းနေထိုင်သူတွေက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် အပစ်မဲ့အရပ်သား ၈၀၀ ကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဒီကနေ့မနက် ၇ နာရီလောက်က မုံးကိုးမြို့နယ်၊ နော့ဂူရွာနဲ့ မန်မော်ရွာကြားမှာ တိုက်ပွဲပြင်းထန်တာကြောင့် ရွာသားအချို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မုံးကိုး မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီမနက်ပိုင်းမှာလည်းဖြစ်တယ် ၇ နာရီဝန်းကျင်လောက်မှာဖြစ်တယ်။ ဖြစ်တာကတော့ မုံးကိုး မန်မော်ရွာ တဝိုက် နော့ဂူရွာ အဲဒီကြားထဲမှာဖြစ်ပြီးတော့ အခုက အဲဒီရွာသားတွေ ထွက်ပြေးနေတယ်။ ဘယ်ဘက်ကို ထွက်ပြေးနေတယ်တော့ လောလောဆယ်တော့ မသိရသေးဘူး။ ထိခိုက်သေဆုံးမှုကတော့ လောလော ဆယ်တော့ အဲဒီရွာနဲ့သိပ်မနီးတော့ ဒေသခံတွေက ထိခိုက်မှုနဲ့ ပတ်သက်လို့ကတော့ သေတယ်။ ဒီဘက်က ဘယ်လောက်ကျတယ်ဆိုတာတော့ အတိအကျမသိရသေးဘူး။ လူထုထိခိုက်မှုကတော့ လောလောဆယ် အချိန်ထိကတော့ မကြားမိသေးဘူး။”

ကြူကုတ်၊ ပန်ဆိုင်းနဲ့ မုံးကိုးဒေသ နေရာသုံးခုမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး မုံးကိုးမြို့နယ်က အပြင်းထန်ဆုံးဖြစ်တာမို့ နော့ဂူနဲ့ မန်မော်အပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံ ၇၀၀ လောက် မုံးကိုးမြို့ပေါ်ကို လာရောက်တိမ်းရှောင်နေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“လူဦးရေက ၇၀၀ ကျော် အဲလောက်ရှိနေပြီ။ ပြီးတော့လည်း မနေ့ညကထိ ထွက်ပြေးလာတဲ့သူတွေလည်း ရှိသေးတယ်လို့ပြောတယ်။ သူတို့အတွက်က ဆေးဝါးနဲ့ အစားအသောက်ပေါ့နော်၊ အဲဒါတွေက အခုလော လောဆယ်တော့ ရွာကရပ်မိရပ်ဖတွေလာပေးတဲ့ အလှူငွေတွေနဲ့ပဲ Run နေရတယ်လို့ပြောတယ်။ နောက် ပြီးမှ လောလောဆယ် အခုအခြေအနေအရဆိုရင်တော့ ကားဆရာမရှိတာ။ ပို့ပေးဖို့ ကားလည်းမရှိဘူး။ ဆေးဝါးတွေကတော့ ပို့လို့ရတယ်။ ဒါပေမဲ့ ကားသမားတွေ ဘယ်သူမှမသွားရဲဘူး အဲဒီလိုမျိုး အခြေအနေ တော့ရှိတယ်”

အဲဒီစစ်ဘေးဒုက္ခသည် ၇၀၀ လောက်ဟာ မုံးကိုးမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်း တွေမှာ လောလောဆယ် ခိုလှုံနေရပြီး၊ ဆေးဝါးနဲ့စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

"ဒီလက်နက်ကြီးပစ်တဲ့ဟာ ကြားပြီဆိုရင် ကြောက်နေရတယ်ပေါ့နော်။ ဘယ်မှာများသွားကျမလဲပေါ့"

ဒီတိုက်ပွဲတွေကြောင့် မုံးကိုးဒေသအနီးက တရုတ်-မြန်မာနယ်ခြားမှတ်တိုင် ၁၀၂ နားမှာလည်း ဒေသခံ ၁၃၀ ကျော် ထွက်ပြေးခိုလှုံနေတာမို့ လေးရက်ကြာ တိုက်ပွဲအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည် စုစု ပေါင်း ၈၀၀ ကျော်လောက်ရှိနေပြီလို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က အထိနာခဲ့တယ်လို့ မုံးကိုးဒေသခံတွေက ပြောဆိုထားပြီး၊ MNDAA တပ်ဖွဲ့ကလည်း စစ်တပ်ဘက်က သိမ်းဆည်းရမိတဲ့ စက်သေနတ်၊ ရိုင်ဖယ်၊ ပစ္စတိုနဲ့ ကျည်ဆံတွေ အပြင် ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့် ယူနီဖောင်းတွေနဲ့ အဲဒီယူနီဖောင်းတွေမှာ ရာထူးအဆင့်အလိုက် တပ်ဆင်ရတဲ့ အပွင့်အခက်တွေကိုပါ ဩဂုတ် ၃၀ ရက် မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

military.jpg
(မုံးကိုးမြို့နယ်မှာ MNDAA က သိမ်းဆည်းရမိတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းများကို တွေ့ရစဥ်)

ရှမ်းပြည်မြောက်ပိုင်းနဲ့ ထိစပ်နေတဲ့ ကချင်ပြည်နယ်အခြေစိုက် မီဒီယာတစ်ခုဖြစ်တဲ့ Kachin Waves သတင်း ဌာနကလည်း မုံးကိုးမြို့နယ် ဖိုင်ကောင်ရွာအနီးမှာ နှစ်ဖက်တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ စစ်သားရုပ်အလောင်း ၁၇ ခုကို စွန့်ပစ်ထားတာတွေ့ရတယ်လို့ ဩဂုတ်လ ၃၀ ရက် မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ်လ ၂၉ ရက်နေ့ကလည်း စစ်တပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဆန်တွေ မုံးကိုးမြို့နယ် နမ့်ဟာရွာထဲကိုကျပြီး လူနေအိမ်တစ်လုံးကို ထိမှန်ခဲ့တာကြောင့် ၁၀ နှစ်အရွယ် ကလေးငယ်အပါအဝင် မိသားစုဝင် လေးဦးစလုံး သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လက်နက်ကြီးတွေ ရမ်းပစ်တဲ့အခါကျတော့ ပြည်သူတွေက ဒီအတိုင်းဘာမှမသိဘူး။ ဒီတိုင်းနေနေရင်းနဲ့ အသက်ဆုံးရှုံးရတဲ့ဟာတွေ အများကြီးရှိတယ်။ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကဆိုရင်လည်း အကုန်လုံးသိတဲ့ အတိုင်းပဲ မိသားစုတစ်စုလုံး အသက်ဆုံးရှုံးသွားရတယ်။ ကျမတို့ပြည်သူတွေ ကြောက်နေရတာ ဒီလက် နက်ကြီးတွေ၊ လက်နက်ကြီးတွေ ဘယ်ကနေဘယ်လို ပစ်မှန်းမသိဘဲနဲ့ ရောက်လာတယ်ပေါ့နော်။ အဲဒီ ဟာတွေက အကုန်လုံးက အဲဒါကြောက်နေရတယ်။ အခုကျမတို့ မြို့ထဲမှာနေထိုင်တဲ့သူတွေဆိုရင်လည်း ဒီလက်နက်ကြီးပစ်တဲ့ဟာ ကြားပြီဆိုရင် ကြောက်နေရတယ်ပေါ့နော်။ ဘယ်မှာများသွားကျမလဲပေါ့။ အဲဒီလိုမျိုး စိတ်ထဲမှာ ကြောက်ပြီးမှနေနေရတယ်။”

မုံးကိုးဒေသ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ရုပ်အလောင်း ၁၇ ခုကို စွန့်ပစ်ထားတယ်ဆိုတဲ့ကိစ္စအပါအဝင် တိုက်ပွဲနောက်ဆက်တွဲ အခြေအနေတွေ သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။