MNDAA နဲ့ တပ်မတော် တိုက်ပွဲဖြစ်
2019.02.11

ရှမ်းပြည်နယ် ကွမ်လုံမြို့နယ်အတွင်း MNDAA ကိုးကန့်တပ်ဖွဲ့က ဒေသခံတွေကို အတင်းအဓမ္မ လူသစ်စုဆောင်းတာ၊ နယ်မြေကျော်လွန် လှုပ်ရှားတာတွေပြုလုပ်နေတာကြောင့် တပ်မတော်က နယ်မြေရှင်းလင်းတာတွေ ပြုလုပ်နေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ တပ်မတော်က လုံခြုံရေး ဆောင်ရွက်နေတဲ့ စစ်ကြောင်းနဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ဟာ ကွမ်လုံမြို့နယ် မုံကျက်ကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း MNDAA ကိုးကန့်တပ် ယာယီ အခြေပြုတဲ့စခန်းကို တပ်မတော်က သိမ်းယူနိုင်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့လအတွင်း ကိုးကန့်အဖွဲ့ရဲ့ လူသစ် စုဆောင်းခံရတဲ့ ဒေသခံတွေ လွတ်မြောက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
MNDAA ကိုးကန့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဖုန်းဝင်းနိုင်ကို RFA ကဆက်သွယ်မေးမြန်းရာမှာတော့ သူတို့အနေနဲ့ ရွာသားတွေကို အတင်းအဓမ္မ တပ်သားသစ် စုဆောင်းတာတွေမရှိကြောင်းနဲ့ တပ်မတော်က ထိုးစစ်ဆင်နေတာလို့ ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။