EU ပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးတဲ့ အပေါ် မြန်မာအစိုးရ ကြိုဆို


2013.04.24

မြန်မာနိုင်ငံအပေါ် လက်နက်အရောင်းအဝယ်ကလွဲပြီး ကျန်တဲ့ပိတ်ဆို့ အရေးယူထားတာတွေအားလုံးကို EU ဥရောပသမဂ္ဂက လုံးဝရုတ်သိမ်းပေးလိုက်တဲ့အတွက် မြန်မာအစိုးရက ကြိုဆိုဂုဏ်ပြုလိုက်ပြီး၊ ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ ဒီမိုကရေစီလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းသွားမယ်လို့ ကတိပြုပြောဆိုလိုက်ပါတယ်။

ဘရူနိုင်းနိုင်ငံမြို့တော် ဘန်ဒါဆရီဘီဂါဝမ်မှာ ကျင်းပနေတဲ့ အာဆီယံညီလာခံပြင်ပမှာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက

"EU  က ပိတ်ဆို့မှုတွေ ရုတ်သိမ်းလိုက်တာဟာ မြန်မာအတွက် အင်မတန် အစကောင်းပါတယ်၊ မြန်မာနိုင်ငံမှာ ဆက်လက်ဆောင်ရွက်စရာတွေ အများကြီးရှိနေပါသေးတယ်၊ ရှေ့နှစ်မှာ အာဆီယံ ဥက္ကဌ တာဝန်ယူရတော့မယ့် မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးတွေနဲ့ ပတ်သက်ပြီး ဘယ်လောက် အလေးအနက်ရှိသလဲဆိုတာ နိုင်ငံတကာကို ပြသမှာပါ၊ အထူးသဖြင့် လူမှုစီးပွားကဏ္ဍတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ တပုံတပင်ဖြစ်လာတာကို တွေ့ကြရမှာပါ"

လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

EU ဟာ မြန်မာအပေါ် ပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးဖို့ အချိန်မတန်သေးဘူးလို့ HRW လူ့အခွင့်အရေးအဖွဲ့က ဝေဖန်ခဲ့ပါတယ်။ EU နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှတန် ကတော့

"မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး၊ ငြိမ်းချမ်းရေးစတဲ့ ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ရမှာတွေ ရှိနေသေးတာကိုသိပါတယ်၊ ဒီပြဿနာတွေကို မိမိတို့လျော့တွက်မထားပါဘူး"

လို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာလည်း ပြီးခဲ့တဲ့နှစ်ကစလို့ မြန်မာအပေါ် ပိတ်ဆို့မှုတွေ ဆိုင်းငံထားတာပါ။ ဒါပေမဲ့ အမေရိကန်ဟာ ပိတ်ဆို့မှုတွေကို ချက်ခြင်းပြန်ရုပ်ဦးမယ့် အရိပ်လက္ခဏာ မပြသေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မနေ့ကကျင်းပခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ယာယီလက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် Patrick Ventrell က

"အမေရိကန်ပြည်ထောင်စုမှာ စံချိန်စံညွှန်း တိုင်းတာချိန်ကိုက်ရေး မူဝါဒရှိပါတယ်၊ ဒီမူဝါဒအရ ပိတ်ဆို့အရေးယူထားတာတွေဟာ အသက်ဝင်မြဲဝင်နေပြီး၊ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်တိုးတက်နေအောင် တွန်းအားပေးနေမှာ ဖြစ်ပါတယ်"

လို့ ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် လတ်တလော နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာတဲ့အပေါ် ကြိုဆိုလိုက်ပြီး၊ ကျန်ရှိသမျှအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။