မြန်မာဂျာနယ်လစ် ကွန်ယက် (MJN) ပထမဦးဆုံးအကြိမ် ညီလာခံ ကျင်းပ

လူငယ်သတင်းသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာဂျာနယ်လစ် ကွန်ယက် (MJN) ရဲ့ ပထမဦးဆုံးအကြိမ် ညီလာခံကို ရန်ကုန်မြို့ ယုဇနဟိုတယ်မှာ ဒီကနေ့ ကျင်းပခဲ့ပြီး သတင်းသမားတွေရဲ့ ရပိုင်ခွင့်အတွက် အဓိကထား လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

လူငယ်သတင်းသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာဂျာနယ်လစ် ကွန်ရက် MJN ရဲ့ ပထမဦးဆုံးအကြိမ် ညီလာခံတွင် အဖွဲ့ကော်မတီရွေးချယ်ရေးအတွက် မဲထည့်နေကြစဉ်။ Courtesy of MJN

သတင်းထောက် (၁၀၀) ကျော် တက်ရောက်တဲ့ ဒီညီလာခံကနေ အဖွဲ့ဝင် (၁၇) ဦးပါတဲ့ အလုပ်ကော်မတီတရပ်ကို ဖွဲ့စည်းလိုက်ကြောင်း သိရပါတယ်။

ဒီကွန်ယက်အနေနဲ့ အချက် (၃) ချက်အပေါ် အခြေခံပြီး သတင်းသမားတွေ အကျိုးအတွက် လုပ်ဆောင်သွားမှာပါလို့ မြန်မာဂျာနယ်လစ်-ကွန်ယက်ရဲ့ ဦးဆောင် အလုပ်ကော်မတီမှာ အရွေးချယ်ခံရသူ ကိုဥက္ကာကိုကိုက RFA ကို ပြောပါတယ်။

သတင်းသမားတွေရဲ့ အခြေခံ ရပိုင်ခွင့်တွေ ရရှိရေး၊ အရည်အသွေး မြှင့်တင်ရေး၊ သတင်းသမားတွေရဲ့ လူမှုရေးဆိုင်ရာ ကိစ္စရပ်များ ဖြေရှင်းရေး၊ ထိုမှ တဆင့် မီဒီယာလောက တခုလုံး ဖွံ့ဖြိုးရေး ဆောင်ရွက်သွားဖို့ ရည်ရွယကြောင်း၊ အဖွဲ့ဝင်များက တလကို ကျပ်ငွေ ၂ ထောင်ကျစီထည့်ဝင်သွားမှာ ဖြစ်ကြောင်း ပြောပြပါတယ်။

မြန်မာဂျာနယ်လစ်-ကွန်ယက်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ကတည်းက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အခုဆိုရင် သက်တမ်း (၈) လ ရှိခဲ့ပြီလို့ ကွန်ယက် တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီဂျာနယ်လစ်ကွန်ယက်ကို အသက် (၂၀) ကျော် (၃၀) ဝန်းကျင်ရှိတဲ့ ပြည်တွင်းဂျာနယ် သတင်းထောက်တွေ၊ အလွတ်သတင်းထောက် စုစုပေါင်း (၂၀၀) ကျော်နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org