အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်ခေါင်းဆောင်တွေ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတယ်လို့ မစ်ချ် မက်ကောနယ် ပြော
2022.12.21

အာဏာသိမ်းစစ်ခေါင်းဆောင်တွေဟာ မြန်မာပြည်သူတွေအပေါ် တရားလက်လွတ်နှိပ်စက်သတ်ဖြတ်မှုတွေ၊ သေဒဏ်ချမှတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လူဦးရေ တစ်သန်းကျော်ကို နေရပ်စွန့်ခွာထွက်ပြေးစေတဲ့ လုပ်ရပ်တွေအတွက် အရေးယူမခံရဘဲ ကင်းလွတ်ခွင့်ရနေတယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ်နဲ့ ရီပတ်ဘလစ်ကန် အမတ်များခေါင်းဆောင် မစ်ချ် မက်ကောနယ်က ဒီဇင်ဘာ ၂ဝရက်နေ့က ပြောလိုက်ပါတယ်။
ဒီဇင်ဘာ ၂ဝရက်နေ့ကကျင်းပတဲ့ အထက်လွှတ်တော်အစည်းအဝေးမှာ မစ်ချ် မက်ကောနယ်က NDAA ဥပဒေ အတည်ပြုပြဌာန်းတာနဲ့ပတ်သက်ပြီး ပြောစဉ်မှာ ထည့်သွင်းပြောကြားသွားတာဖြစ်ပါတယ်။
“နိုင်ငံတကာက ထိရောက်ပြင်းထန်တဲ့ အပြစ်တင်ရှုတ်ချမှုတွေ မရှိတဲ့အတွက်၊ မြန်မာ စစ်ခေါင်းဆောင်တွေဟာ လူသတ်မှုတွေ ကျူးလွန်ပြီး အရေးယူမခံရဘဲ ရှိနေပါတယ်။ ဒါကြောင့်လည်း ဒီနှစ်နွေရာသီက နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ အန်တိုနီ ဘလင်ကန် အရှေ့တောင်အာရှ ခရီးစဉ်အတွင်းမှာ စကားပြောတာတွေ လျော့ပြီး၊ အလုပ်ပိုလုပ်ကြဖို့ တောင်းဆိုခဲ့တာပါ။ မြန်မာပြည်သူတွေဟာ အမေရိကန်နိုင်ငံဆီက ရောက်လာမယ့် အကူအညီတွေကို ထိုင်စောင့်နေနိုင်တဲ့ အခြေအနေ မရှိပါဘူး။ ဒီနှစ် NDAA ဥပဒေမှာ Burma Act ဥပဒေ ကြမ်းကို ထည့်သွင်းအတည်ပြုလိုက်တာဟာ အမေရိကန်အစိုးရက ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်ဖြစ်နေတဲ့ ကိစ္စကို လွှတ်တော်က ဆောင်ရွက်ပေးလိုက်တာ ဖြစ်ပါတယ်။”
အမျိုးသားကာကွယ်ရေးဥပဒေ NDAA ဟာ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေရတဲ့ မြန်မာပြည်သူတွေအတွက် ကြီးမားတဲ့တိုးတက်မှုပဲလို့လည်း သူက ပြောသွားပါတယ်။
ပြီးခဲ့တဲ့အပတ်က အမေရိကန် အောက်လွှတ်တော်ဟာ BURMA Act ဥပဒေကြမ်းကို အမေရိကန်အစိုးရရဲ့ ၂ဝ၂၃ ခုနှစ် အမျိုးသားကာကွယ်ရေးဆိုင်ရာဥပဒေ (NDAA) ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန် အောက်လွှတ်တော်က အတည်ပြုပြဌာန်းပေးလိုက်တာနဲ့ ပတ်သက်ပြီး၊ လွှတ်တော်ဟာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ပြတ်ပြတ်သားသားဆောင်ရွက်ဖို့နဲ့ ရက်ရက်ရောရော ကူညီထောက်ပံ့ဖို့ ခွင့်ပြုထားပြီး ဖြစ်တဲ့အတွက်၊ သမ္မတ ဂျိုးဘိုင်ဒင်အနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ပဲ ကျန်ပါတော့တယ်လို့လည်း ဆိုပါတယ်။
“လွှတ်တော်အနေနဲ့ ဥပဒေ အတည်ပြု ပြဌာန်းပေးတဲ့ အပိုင်းကိုပဲ လုပ်နိုင်ပါတယ်။ အခုဆိုရင် အမှန်တကယ် အကောင်အထည်ဖော်နိုင်ဖို့က သမ္မတ ဂျိုးဘိုင်ဒင် အစိုးရရဲ့ တာဝန်ဖြစ်သွားပါပြီ။ အချိန်လည်း သိပ်မရှိတော့ပါဘူး။ အခုအချိန်မှာ ရုရှားနဲ့ ဆိုးဝါးတဲ့ အပေါင်းအပါတွေဟာ မြန်မာ စစ်ခေါင်းဆောင်တွေကို တက်တက်ကြွကြွထောက်ခံနေပါတယ်။ မြန်မာနိုင်ငံက လူသားချင်း စာနာမှု အကျပ်အတည်းကလည်း အိမ်နီးချင်း နိုင်ငံတွေကိုပါ ထိခိုက်လာနေပါတယ်။”
အမေရိကန် လွှတ်တော်နှစ်ရပ်လုံးကနေ အတည်ပြုပြဌာန်းလိုက်တဲ့ NDAA ဥပဒေမှာ တပ်မတော် အကြီးတန်း အရာရှိတွေနဲ့ စစ်တပ်ပိုင် လုပ်ငန်းတွေကို ထိထိရောက်ရောက် ပိတ်ဆို့အရေးယူဖို့ အခွင့်အာဏာ ပေးထားတဲ့အကြောင်း၊ အမေရိကန်အစိုးရအနေနဲ့ မြန်မာစစ်တပ်အတွက် အကျိုးအမြတ်ရနေတဲ့ စွမ်းအင်ကဏ္ဍက ဝင်ငွေကို တားဆီးဖို့ တိုက်တွန်းထားတဲ့အကြောင်း၊ ဒီဥပဒေဟာ အမေရိကန် အစိုးရအနေနဲ့ မြန်မာပြည်သူတွေကို အမှန်တကယ် ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေနဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို တွန်းလှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံဖို့၊ လက်နက်မဟုတ်တဲ့ အကူအညီတွေ ပေးအပ်ဖို့လည်း ခွင့်ပြုလိုက်တဲ့အကြောင်း၊ ဒီဥပဒေဟာ အမေရိကန်သမ္မတ အနေနဲ့ မြန်မာနိုင်ငံမှာ တရားမဝင် အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်ကို ဖိအားပေးအရေးယူပြီး မြန်မာပြည်သူတွေကို တိုက်ရိုက်ထောက်ပံ့ကူညီဖို့ မဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း ညွှန်ကြားထားတဲ့အကြောင်း မစ္စတာ မစ်ချ် မက်ကောနယ်က ပြောသွားပါတယ်။