မြန်မာအလှမယ် ဟန်လေး ကနေဒါနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ရ

2022.09.26
မြန်မာအလှမယ် ဟန်လေး ကနေဒါနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ရ ၂ဝ၂ဝ ခုနှစ် Miss Grand International မြန်မာကိုယ်စားပြုအလှမယ် ဟန်လေး။
Photo: Han Lay/Facebook

ထိုင်းနိုင်ငံ သုဝဏ္ဏဘုမ္မိလေဆိပ်မှာ ထိုင်းအာဏာပိုင်တွေ ထိန်းသိမ်းတာခံခဲ့ရတဲ့ မြန်မာအလှမယ် ဟန်လေးကို ကနေဒါနိုင်ငံက နိုင်ငံရေးခိုလှုံခွင့်ပေးအပ်ခဲ့ပြီး အခုအခါမှာ ကနေဒါနိုင်ငံကို အင်္ဂါနေ့မှာ ထွက်ခွာမယ်လို့ အမည်မဖော်လိုတဲ့ ထိုင်းလုံခြုံရေးသတင်းအရင်းအမြစ်တစ်ခုကို ကိုးကားပြီး စက်တင်ဘာ ၂၆ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် (Bangkok Post) သတင်းစာမှာ ရေးသားလိုက်ပါတယ်။

RFA အနေနဲ့ သီးခြားစုံစမ်းရာမှာ ဒီသတင်းမှန်ကန်တယ်လို့ ဘန်ကောက် မြန်မာအသိုင်းအဝိုင်းက အတည်ပြုပါတယ်။

စစ်ကောင်စီက အရပ်သားအစိုးရဆီကနေ အတင်းအကြပ်အာဏာသိမ်းယူခဲ့တာကို အလှပြိုင်ပွဲစင်မြင့်ထက်မှာ လူသိရှင်ကြား ဝေဖန်ကန့်ကွက်ခဲ့သူဖြစ်ပြီး မြန်မာစစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်ထားပါတယ်။

ထိုင်းနိုင်ငံမှာ မနှစ်ကတည်းက ရောက်ရှိခိုလှုံနေခဲ့တဲ့ ဟန်လေးဟာ ဗီယက်နမ်နိုင်ငံကို ထိုင်းပြည်ဝင်ခွင့် ဗီဇာသက်တမ်းတိုးဖို့ သွားရောက်ပြီး ပြန်လာရာမှာ ထိုင်းအာဏာပိုင်တွေက ထိုင်းနိုင်ငံထဲ ပြန်ဝင်ခွင့်ပိတ်ပင်ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ ဟန်လေးက RFA ကို ဖြေကြားခဲ့ပါတယ်။

ဟန်လေးဟာ ကိုရီးယားလေကြောင်းနဲ့ အင်္ဂါနေ့မှာ ထွက်ခွာမှာဖြစ်ပြီး တောင်ကိုရီးယား အင်ချွန်းလေဆိပ်မှာ တစ်ထောက်နားပြီး၊ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ကို အင်္ဂါနေ့ညမှာ ရောက်ရှိမှာဖြစ်တယ်လို့ လည်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

RFA က ရရှိတဲ့သတင်းတွေအရ ဘန်ကောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR က တောင်းဆိုချက်အရ ဟန်လေးအနေနဲ့ ဒီကိစ္စကို တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာ မရှိဘူးလို့ ဘန်ကောက်သတင်းထောက်အသိုင်းအဝိုင်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ကအပြန် ထိုင်းနိုင်ငံအတွင်း ပြည်ဝင်ခွင့် ငြင်းပယ်ခံခဲ့ရပြီးတဲ့နောက် UNHCR အကူညီနဲ့ တတိယနိုင်ငံတစ်ခုခုမှာ နိုင်ငံရေးခိုလှုံခွင့်ရရှိဖို့ လျှောက်ထားခဲ့တာဖြစ်ပါတယ်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနကတော့ ဟန်လေးရဲ့နိုင်ငံကူးလက်မှတ်မှာ စည်းကမ်းညီညွတ်မှုမရှိတဲ့ အခြေအနေတွေကြောင့် နိုင်ငံတွင်းဝင်ရောက်ခွင့်မပေးခဲ့တာလို့ ပြန်ဖြေရှင်းချက်ထုတ်ခဲ့ပါတယ်။

သတင်းရင်းမြစ်တစ်ရပ်ကတော့ မြန်မာအာဏာသိမ်းစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ဟန်လေးရဲ့ နိုင်ငံကူးလက်မှတ်ကို ပြန်လည်ရုပ်သိမ်းလိုက်ထားတယ်လို့ ပြောဆိုကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။