ပြည်သူ့အောင်ပွဲခံ သြင်္ကန်အဖြစ် ကိုမင်းကိုနိုင် ပြောကြား
2016.04.16

ဒီနှစ်သြင်္ကန်ဟာ အရင်နှစ်က သြင်္ကန်ပွဲတွေနဲ့မတူဘဲ ပြည်သူတွေ အောင်ပွဲခံတဲ့ သြင်္ကန်ဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားပါတယ်။
ရန်ကုန်မြို့တော်ခန်းမရှေ့က ဗဟိုမဏ္ဍပ်မှာ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ဒီနေ့ ဖျော်ဖြေမှုမစခင် ကိုမင်းကိုနိုင်က အဲဒီလို ပြောဆိုခဲ့တာဖြစ်ပါတယ်။
"ဒီနှစ်သြင်္ကန်ဟာ ပြည်သူတွေသြင်္ကန်စစ်စစ်ဖြစ်ပါတယ်၊ ပြည်သူတွေရဲ့ အောင်ပွဲလို့လည်းပြောနိုင် ပါတယ်၊ ဒီမဏ္ဍပ်နာမည်ကိုကြည့်ပါ၊ အရင်နှစ်ကလို မြို့တော်ဝန်ရဲ့မဏ္ဍပ်မဟုတ်တော့ပါဘူး၊ ပြည်သူ ၊ ပြည်သားတွေ၊ ရန်ကုန်မြို့သူ၊ မြို့သားတွေရဲ့ဗဟိုမဏ္ဍပ်ဖြစ်ပါတယ်၊ တကယ်တော့ ဟောဒီပန်းခြံ ၊ ဟောဒီမြို့တော် ခန်းမ၊ ဟောဒီလွတ်လပ်ရေးကျောက်တိုင် အားလုံးဟာ ပြည်သူတွေပိုင်တယ်ဆိုတာ ဒီနှစ်ပြန်ပြီးတော့ သက်သေပြတဲ့ပွဲလို့ ကျနော်ပြောချင်ပါတယ်၊ ခါတိုင်းသြင်္ကန်ထက် ဒီနှစ်သြင်္ကန်မှာ တစ်ယောက်ကို တစ်ယောက် ရိုင်းပင်းကူညီစောင့်ရှောက်တာတွေ တွေ့ရတယ်၊ တစ်ယောက်နဲ့ တစ်ယောက်အပြန် အလှန်စောင့်ရှောက်ရင်းနဲ့ ဒီသြင်္ကန်မှာ အရင်တုန်းကနဲ့ မတူတဲ့အလှအပတွေမက တကယ့် သဘာဝ၊ ပြည်သူတွေရဲ့ဘဝ၊ ပြည်သူတွေရဲ့နစ်နာချက်၊ ပြည်သူ့ကိုယ်စားပြောပေးမယ့် အသံတွေပါ ပါစေရမယ်လို့ ကျနော်တို့ အဓိဌာန်ထားပါတယ်၊ အဲ့တော့ ပြည်သူလူထုသြင်္ကန်ကို ပြည်သူ အချင်းချင်းပဲ စောင့်ရှောက်ပြီးတော့ ကျင်းပကြမှာပါ"
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ မြို့တော်ခန်းမရှေ့က ရန်ကုန်ဗဟိုမဏ္ဍပ်မှာ ဒီနှစ် ပထမဆုံးအကြိမ် ဖျော်ဖြေခွင့် ရရှိတာ ဖြစ်ပါတယ်။
သြင်္ကန်ကာလအတွင်း ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ လှည့်လည်ဖျော်ဖြေတာ ၄ နှစ်ရှိနေပြီဖြစ်ပြီး အရင်နှစ်တွေက ရပ်ကွက်တွေနဲ့ တခြားမဏ္ဍပ်ငယ်တွေ မှာသာ ဖျော်ဖြေခဲ့ပါတယ်။
အဲဒီသံချပ်အဖွဲ့ကို ရန်ကုန်မြို့က တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကူညီခဲ့ တာဖြစ်ပါတယ်။