အမျိုးသမီးဝန်ကြီးဌာနထားဖို့ အစီအစဉ် မရှိသေး
2014.02.24

အမျိုးသမီးတွေကို အထူးအခွင့်အရေးပေးပြီး အသိအမှတ်ပြုတဲ့အနေနဲ့ အမျိုးသမီးဝန်ကြီးဌာန သီးခြားထားပေးဖို့ အစီအစဉ် ရှိ မရှိ ထန်တလန် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ် ဇာတလမ်းက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ မေးမြန်း ရာမှာ အဲဒီလိုအစီအစဉ် မရှိသေးကြောင်း သမ္မတ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။
အမျိုးသမီးတွေ အရည်အချင်းရှိမယ်ဆိုရင် အမျိုးသမီးဝန်ကြီးတွေ များလာမှာဖြစ်တဲ့အတွက် သီးခြား အမျိုးသမီးရေးရာ ဝန်ကြီးဌာနဖွဲ့စည်းဖို့ အစီအစဉ်မရှိသေးကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က အခုလို ဖြေကြားခဲ့ပါတယ်။
"မိမိတို့နိုင်ငံမှာ မိသားစုအတွင်းသော်၎င်း၊ လုပ်ငန်းခွင်အတွင်းသော်၎င်း အမျိုးသား အမျိုးသမီး ခွဲခြားဆက်ဆံမှုမရှိခြင်း၊ ပညာရေးကဏ္ဍမှာလည်း အမျိုးသမီးများအနေနဲ့ ပညာသင်ကြားမှု အခွင့်အရေး အပြည့်အဝရရှိခြင်းစသည့် လူမှုဘဝလုံခြုံပြည့်ဝစွာ ရရှိခြင်းတို့ကြောင့် အရည်အချင်းသာရှိပါက ဝန်ကြီးဌာနတစ်ခုထက်သာမက အမျိုးသမီးဝန်ကြီးများ များစွာပေါ်ပေါက်လာမည် ဖြစ်တဲ့အပြင် သီးခြားအနေဖြင့် အမျိုးသမီးကိုသာ ခန့်အပ်ရမည့် ဥပဒေပါပြဌာန်းချက် မရှိတဲ့အတွက် အမျိုးသမီးရေးရာ ဝန်ကြီးဌာနတစ်ခု သတ်မှတ်ထားရှိပေးရန် မဖြစ်နိုင်သေးပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်"
ထန်တလန် မဲဆန္ဒနယ်က ဒေါ်ဇာတလမ်းက အမျိုးသမီးတွေအရေးကို တကယ်ပဲဦးစားပေးတယ် ဆိုရင် ပြည်ထောင်စု ဘတ်ဂျက်ထဲကခွဲဝေပြီး အမျိုးသမီးရေးရာဝန်ကြီးဌာန ထားရှိသင့်တယ်လို့ ပြောပါတယ် ။
"နိုင်ငံတော်ဘတ်ဂျက် ခွဲဝေတဲ့အခါမှာလည်း အမျိုးသမီးကို ဘတ်ဂျက်ခွဲဝေဖို့လိုပါတယ်၊ အဲဒီလိုလုပ်ပေးမှ ကျမတို့ လုပ်ပိုင်ခွင့်ရှိမယ်၊ အခုတော့ ဦးစားပေးတယ် ပေးတယ်ဆိုပေမယ့် အမျိုးသမီးသက်သက်ကို လုပ်ပိုင်ခွင့်တွေ ဘာမှမရှိဘူး၊ နိုင်ငံတော်က အမျိုးသမီးများကို ဘတ်ဂျက်ခွဲဝေပြီးတော့ ဝန်ကြီးဌာနသပ်သပ်ကို ထားပေးစေချင်တယ်"
ပြည်ထောင်စု အစိုးရအဖွဲ့မှာ ပြည်ထောင်စု ဝန်ကြီးအဆင့် အမျိုးသမီးဝန်ကြီး ၂ ဦး ၊ ဒုတိယဝန်ကြီး ၇ ဦး နဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် ဦးရေ စုစုပေါင်း ၅၃ ယောက် ရှိတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး RFA သတင်းထောက် ကိုမျိုးဇော်ကိုရဲ့သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။