ပြည်ထောင်စုဝန်ကြီးတွေနဲ့ သံအမတ်တချို့ မောင်တောနဲ့ ရသေ့တောင်ကို သွားရောက်
2017.10.10

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်တဲ့ အစိုးရတာဝန်ရှိသူတွေ နဲ့ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ လာအို၊ တရုတ်၊ အိန္ဒိယ စတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေ ဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရသေ့တောင်နဲ့ မောင်တောဒေသကို ဒီနေ့ သွားရောက်ခဲ့ပါတယ်။
မောင်တောဒေသရဲ့ လက်ရှိအခြေအနေမှန်ကို အိမ်နီးချင်းနိုင်ငံတွေကို သိစေချင်တာကြောင့် အခုလို အိမ်နီးချင်းသံအမတ်ကြီးတွေကို ပို့ဆောင်ပေးတာလို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောပါတယ်။
မွတ်ဆလင်တွေအနေနဲ့ ဘယ်မှထွက်ခွာမသွားဘဲ အေးအေးချမ်းချမ်းနေထိုင်ဖို့နဲ့ အစိုးရက လိုအပ်တဲ့စားနပ် ရိက္ခာတွေကို ကူညီပေးမယ်ဆိုတဲ့အကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက အကြမ်းဖက် မှုတွေ ဖြစ်ပွားခြင်းမရှိခဲ့တဲ့ ရသေ့တောင်မြို့နယ် အနောက်ပြင်ကျေးရွာက မွတ်ဆလင်တွေကိုပြောခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကိုလည်း မကြာခင်မှာ အင်တိုက်အားတိုက် ဆောင်ရွက်မယ်ဆိုတဲ့ အကြောင်းလည်း ပြောခဲ့ပါတယ်။
မောင်တောမြို့နယ် အလယ်သံကျော်လေယာဉ်ကွင်းအနီးနဲ့ ဂေါ်ဒူသာရကျေးရွာအုပ်စု နယ်စပ်ခြံစည်းရိုးအနီးမှာ ဘူးသီတောင်မြို့နယ် ကျေးရွာအသီးသီးကနေ တဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာဖို့ စုရုံးရောက်ရှိနေတဲ့ မွတ်ဆလင်တွေနဲ့လည်း သွားရောက်တွေ့ဆုံခဲ့ပါတယ်။
ပန်းတောပြင် မွတ်ဆလင်ရွာ၊ ငခူရနဲ့ ရွာလုံးကျွတ်မီးရှို့ခံရပြီး လူ ၆ ဦး သတ်ဖြတ်ခံခဲ့ရတဲ့ ခုံတိုင်မြို တိုင်းရင်းသားကျေးရွာကိုလည်း သွားရောက်လေ့လာခဲ့ကြပါတယ်။
ဒီနေ့ခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ သံအမတ်ကြီးတွေကတော့ ခရီးစဉ်နဲ့ပတ်သက်ပြီး တစ်စုံတရာ မှတ်ချက်ပြုပြောဆိုတာ မရှိပါဘူး။
ခရီးစဉ်မှာ မြန်မာအစိုးရဘက်က အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပါဝင်ခဲ့ပါတယ်။