အနည်းဆုံးလုပ်ခလစာ ကျပ်တစ်သောင်းအထိပေးဖို့ တောင်းဆိုသွားမည်

RFA Burmese
2023.04.26
အနည်းဆုံးလုပ်ခလစာ ကျပ်တစ်သောင်းအထိပေးဖို့ တောင်းဆိုသွားမည် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှ အလုပ်သမားများအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

တစ်နိုင်ငံလုံးကစက်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေအတွက် အနည်းဆုံးလုပ်ခလစာ ကျပ်တစ်သောင်းအထိ တိုးပေးဖို့ မေလ ၁ ရက်နေ့မှာ ကျရောက်မယ့် အလုပ်သမားနေ့မှာ ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆိုမယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) က RFA ကို ပြောပါတယ်။

အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ နေ့စဉ်သိသိသာသာတက်နေပြီး လက်ရှိ သတ်မှတ်ထားတဲ့ အနည်းဆုံး လုပ်ခလစာ ၄၈၀၀ ကျပ်နဲ့ အလုပ်သမားတွေရဲ့ စားဝတ်နေရေး မလုံလောက်တာကြောင့် အခုလို တောင်းဆိုသွားမှာလို့ ဆိုပါတယ်။

အာဏာမသိမ်းခင်က အလုပ်သမားအခွင့်အရေးအတွက် တခြားသော အလုပ်သမား အဖွဲ့တွေနဲ့ပူးပေါင်းပြီး အခမ်းအနားတွေနဲ့ တောင်းဆိုနိုင်ခဲ့ပေမယ့် အာဏာသိမ်းပြီး နောက်ပိုင်း လူစုလူဝေးနဲ့အခမ်းနားလုပ်ရင် ဖမ်းဆီးခံရနိုင်တာကြောင့် ထုတ်ပြန်ချက် ထုတ်ပြီး တောင်းဆိုမှာလို့ STUM က ပြောပါတယ်။

နှစ်စဉ် အလုပ်သမားနေ့ရောက်တိုင်း အလုပ်သမားအခွင့်အရေးအတွက် တောင်းဆိုနေတယ် လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"မေဒေးနေ့ရောက်တိုင်း ခေတ်ကာလရဲ့ ကုန်ဈေးနှုန်းလိုအပ်ချက်တွေအရ လုပ်ခ လစာကို တွက်ချက်ပြီး နှစ်စဉ်နှစ်တိုင်း လုပ်ခလစာသတ်မှတ်ပြီး တောင်းဆိုခဲ့ပါတယ်။ ၂၀၂၀ ကတည်းက အနည်းဆုံးလုပ်ခလစာ ရှစ်ထောင်ဆိုပြီး တောင်းဆိုခဲ့တာပါ၊ အဲဒီတုန်းကလည်း မပြောင်းလဲခဲ့ဘူး၊ ၂၀၂၂ ခုနှစ် မနှစ်ကလည်း အနည်းဆုံးလုပ်ခလစာ ကျပ်တစ်သောင်းတိတိ တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့သေးတယ်၊ ဒီနှစ် ၂၀၂၃ မှာလည်း အဲဒီနှုန်းထားအတိုင်းပဲ တိုးပေးဖို့ ဆက်တောင်းဆိုသွားမှာပါ"

အလုပ်သမား ကိုယ်စားလှယ်တွေကို အလုပ်သမားကပဲ ရွေးရတာဖြစ်ပေမယ့် အလုပ်ရှင်က ရွေးချယ်ထားတဲ့ အလုပ်သမား ကိုယ်စားလှယ်တွေကို အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးကော်မတီ (Workplace Coordination Committee - WCC) မှာ ထည့်ထား တာကို တားမြစ်သွားဖို့လည်း ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းတောင်းဆိုသွားမယ်လို့ ဆိုပါတယ်။

အာဏာသိမ်းမှုအခွင့်ကောင်းယူပြီး အလုပ်သမားတွေပေါ် အမြတ်ထုတ်နေတဲ့ အလုပ်ရှင်တွေကတော့ အနည်းဆုံး လုပ်ခလစာ ၄၈၀၀ ကိုတောင် မပေးကြတာရှိလို့ ကျပ်တစ်သောင်းအထိတိုးပေးဖို့ မဖြစ်နိုင်ဘူးလို့ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌတစ်ဦးက RFA ကို ပြောပါတယ်။

"တချို့စက်ရုံတွေက ၄၈၀၀၊ ၅၀၀၀ ပေးနေတာတွေရှိတယ်၊ တော်တော်ရှားပါတယ်။ စက်ရုံအများစုကတော့ သတ်မှတ်ထားတဲ့ ၄၈၀၀ တောင်မပေးတဲ့အပြင် အချိန်ပို ဆင်းပေးနေရတဲ့ အလုပ်သမားတွေကိုတောင် အချိန်ပိုခ မပေးကြဘူးလေ၊ အလုပ်သမားတွေအတွက် ဆန်၊ ဆီ၊ ဆားစတဲ့ကုန်ဈေးနှုန်းတွေရဲ့ လိုအပ်ချက်အရ ကျပ်တစ်သောင်းအထိရဖို့ ထိုက်တန်ပေမယ့် အလုပ်ရှင်တွေဘက်က လက်တွေ့ ပေးဖို့ကတော့ မဖြစ်နိုင်သေးပါဘူး"

အနည်းဆုံးအခကြေးငွေဥပဒေအရ အနည်းဆုံးလုပ်ခလစာကို နှစ်နှစ်တစ်ကြိမ် ပြင်ဆင် သတ်မှတ်ရမယ်လို့ ဥပဒေမှာ ပြဌာန်းထားပေမယ့် ၂၀၁၈ ခုနှစ်နောက်ပိုင်းကတည်းက အခုအချိန်အထိ မပြင်ဆင်နိုင်သေးဘဲ တစ်ရက် လုပ်ခလစာ ၄၈၀၀ ကျပ်သာဖြစ်နေတာပါ။

သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (Solidarity of Trade Union Myanmar - STUM) ဟာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ မန္တလေးတိုင်းက အလုပ်သမားသမဂ္ဂတွေနဲ့ ၂၀၁၆ ခုနှစ်ကတည်း ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။