မင်းကွန်း အကယ်ဒမီကျောင်းမှာဖြစ်ခဲ့တဲ့ကိစ္စ သတင်းစာရှင်းလင်း


2018.12.13
mingun-education-academy-622.jpg မင်းကွန်းတောင်ရိုး ပညာရေးအကယ်ဒမီကျောင်းကိစ္စ သတင်းစာရှင်းလင်းပွဲကို ၂၀၁၈ ဒီဇင်ဘာ ၁၃ ရက်နေ့က ပြုလုပ်ခဲ့စဉ်
Photo: Kyawmani Win/RFA

စစ်ကိုင်းမြို့ မင်းကွန်းအကယ်ဒမီကျောင်းမှာ ဖြစ်ခဲ့တဲ့ ဘာသာရေးကိစ္စနဲ့ ပတ်သက်ပြီး ခရစ်ယာန်တရားဟော ဆရာက ကျောင်းကနေ ခွင့်ပြုထားတာတက် ကျော်လွန်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အကယ်ဒမီကျောင်းမှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျောင်းအုပ်ဆရာတော် ဦးဥက္ကဋ္ဌ က မိန့်ကြားပါတယ်။

ခရစ်ယာန်တရားဟောဆရာ ဦးအောင်ထွန်းဦးဟာ ဒီဇင်ဘာလ ၈ ရက်နေ့မှာ စစ်ကိုင်းမြို့ အကယ်ဒမီ ပညာရေးကျောင်းမှာ ခရစ်စမတ် အထိမ်းအမှတ်အနေနဲ့ ပွဲတစ်ခု လာရောက်ပြုခဲ့ရာမှာ သာမဏေနဲ့ သီလရှင် အပါအဝင် ကျောင်းသူ ကျောင်းသားတွေကို လက်အုပ်ချီပြီး ခရစ်ယာန်ဘာသာ အမှတ်အသားတွေအတိုင်း ဆုတောင်းတာတွေကို ပြုလုပ်ခိုင်းခဲ့ပါတယ်။

ကျောင်းအုပ်ဆရာတော် ဦးဥက္ကဋ္ဌက အဟာရဒါန ကျွေးမွေးလှူဒါန်းခွင့်၊ လက်ဆောင်ပစ္စည်းပေးအပ်လှူဒါန်းခွင့်နဲ့ စုပေါင်းပြီး သီဆိုတီးမှုတ်ခွင့်ကိုပဲ ခွင့်ပြုခဲ့တာဖြစ်တယ်လို့ မိန့်ပါတယ်။

အဲဒီလို ဆုတောင်းပေးနေတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက် ဖေ့ဘွတ်စာမျက်နှာပေါ်ကို ရောက်ရှိလာပြီး ဝေဖန်မှုမြင့်တက်နေကြတာလည်းဖြစ်ပါတယ်။

အဲဒီ အကယ်ဒမီပညာရေးကျောင်းကို ရပ်ကျေး၊ သံဃာနာယက အဖွဲ့က ခွင့်ပြုအသိမှတ်ပြုထားတာ မရှိဘူးလို့လည်း သိရပါတယ်။

အခုလို ဗုဒ္ဓဘာသာကျောင်းမှာ ခရစ်ယာန်တရားဟောဆရာက ဟောပြောခဲ့တာနဲ့ ပတ်သက်လို့ မကွေးကျောင်း ဆရာတော် ဦးပါမောက္ခ ဦးဆောင်ပြီး တရားဟောဆရာ ဦးအောင်ထွန်းဦးကို အမှုဖွင့်အရေးယူနိုင်ဖို့ စစ်ကိုင်းမြို့ တရားရုံးမှာ ဦးတိုက်လျှောက်ထားတယ်လို့လည်း သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဟောပြောခဲ့တဲ့ဓမ္မဆရာ ဦးအောင်ထွန်းဦးကို RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့အခါမှာ လောလောဆယ်မှာတော့ ဖြေဖို့မစီစဉ်ရသေးကြောင်းနဲ့ မကြာခင်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမယ်လို့ ပြောပါတယ်။

ခရစ်ယာန်တရားဟောဆရာရဲ့ အဲဒီဟောပြောချက်တွေဟာ စိတ်ဆန္ဒအလျောက်ပြုလုပ်ခဲ့တာဖြစ်ပြီး အပြင်းအထန်ကန့်ကွက်တယ်လို့ မန္တလေးမြို့ ခရစ်ယာန် အသင်းတော်များကောင်စီကလည်း အခုလ ၁၂ ရက်နေ့ ထုတ်ပြန်ထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်းက ပေးပို့လိုက်တာပါ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။