မင်းကင်းမြို့ တိုက်ပွဲကြောင့် ဒေသခံ ခုနစ်ထောင်ကျော် ထွက်ပြေးရ

စစ်ကိုင်းတိုင်း မင်းကင်းမြိုနယ်၊ ကလေးဝ - ယာကြီးလမ်းဘေးမှာရှိတဲ့ ကျော်ရွာအနီးမှာ မတ်လ ၂၃ ရက် မနေ့က စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ပွဲ ဖြစ်ခဲ့တာကြောင့် အနီးအနားရွာတွေက ဒေသခံ ခုနစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ တောင်တွင်း (PDF) ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါ တယ်။

တိုက်ပွဲကြောင့် ကျော်ရွာ၊ မယ်မဲ၊ ကုန်းမော်၊ ကျောက်မော်၊ ပျားတုန်း၊ ဆိတ်သာ၊ ထုံးကြီး၊ ဝင်၀ စတဲ့ ရွာပေါင်း ၈ ရွာက ဒေသခံခုနစ်ထောင်ကျော် ဘေးလွတ်ရာ တောတောင်တွေ ထဲကို ထွက်ပြေးပုန်းရှောင်ရတယ်လို့ အကူအညီ ပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါ တယ်။

ထွက်ပြေးနေရသူတွေထဲမှာ ကျန်းမာရေးမကောင်းသူနဲ့ အသက်မပြည့်တဲ့ ကလေးငယ် ၄၀ နီးပါး ပါဝင်ပြီး တောတောင်ထဲ ဖြစ်သလို နေ နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လို တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အထုပ်တွေထားပြီး တောင်ကြားတွေ ပြေးကြရတာ။ ကျမတို့ဆီမှာ ပြေးစရာမရှိဘူး။ လူနဲ့ စားစရာလေးတင် သယ်လာနိုင်တာ။ တောတောင်တွေကြားထဲ ပြေးတက်လာ ရတာ။ သစ်ပင်တွေကြား အိပ်ရတာ။ တောထဲမှာဆိုတော့ မိုးကာလည်း မပါဘူး၊ မြေပြင်ပေါ် အိပ်ရတာ”

စစ်ကောင်စီတပ်သားတွေဟာ လက်ရှိ ကလေးဝ - ယာကြီးလမ်းဘေးမှာရှိတဲ့ မြို့မ၊ တောင်စာရေး၊ ကြာပင်နဲ့ ကျော်ရွာတွေမှာ တပ်စွဲထားပြီး အနီးအနားရွာတွေကို စစ်ဆေးနေတာကြောင့် ထွက်ပြေးနေရသူတွေ ရွာတွေကို မပြန်ရဲကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားချိန်အတွင်း စစ်ကောင်စီတပ်သားတွေက ပျားတုန်းရွာက နေအိမ်နှစ်လုံးနဲ့ လယ်တဲခုနစ်လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တောင်တွင်း PDF ရဲ့ ပြန်ကြားရေးတာဝန်ခံကတော့ ကျော်ရွာထဲမှာ စစ်တပ်က ဒေသခံ တွေကို စစ်သင်တန်းပေးနေတာကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ရင်း တိုက်ပွဲဖြစ်တာလို့ ပြောပါတယ်။

“တိုက်ပွဲက မနက် ၅ နာရီလောက် စဖြစ်တယ်။ ကျနော်တို့က သွားတိုက်ခဲ့တာ ပျူသင်တန်းလုပ်မယ် သတင်းရလို့။ ကျနော်တို့ဘက်က နှစ်ယောက်ကျတယ်။ စစ်ကောင်စီဘက်ကတော့ အနည်းဆုံး ၁၅ ယောက်လောက် ဒဏ်ရာရတယ်။ သေဆုံးမှုတော့ အတည်ပြုလို့ မရသေးဘူး”

တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်း တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို RFA အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မင်းကင်းမြို့နယ်ထဲမှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် လက်ရှိအချိန်အထိ ထွက်ပြေးပုန်းရှောင် နေရသူ သုံးသောင်းကျော်လောက် ရှိနေပြီလို့ အကူအညီပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။