အမျိုးသားရေးလှုပ်ရှားသူ ၃ ဦး အာမခံ မရ
2017.06.02

မင်္ဂလာတောင်ညွန်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး ဆူပူအောင်သွေးထိုးလှုံ့ဆော်မှု ပုဒ်မ ၅ဝ၅(ဂ)/၃၄ နဲ့ ဖမ်းဆီးခံထားရတဲ့ အမျိုးသားရေးလှုပ်ရှားသူ ၅ ဦးထဲက ၃ ဦး အာမခံတင်ရာမှာ မင်္ဂလာတောင် ညွန့်မြို့နယ် တရားရုံးက ပယ်ချလိုက်ပါတယ်။
ဖမ်းဆီးခံထားရသူ ၅ ဦးထဲက ကိုတင်လင်းထိုက် ၊ ကိုတင်ဌေးအောင်နဲ့ ကိုမြတ်ဘုန်းမိုရ် တို့ ၃ ဦးက ကိုယ်တိုင် ခရိုင်ရဲတပ်ဖွဲ့ရုံးမှာ လာရောက်အဖမ်းခံတာဖြစ်တဲ့အတွက် ဥပဒေအရ အာမခံတင်ရမှာ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးက အာမခံမပေးကြောင်း အမိန့်ချမှတ်လိုက်တယ်လို့ အမျိုးသားရေး လှုပ်ရှားသူတွေရဲ့ ရှေ့နေဖြစ်သူ ဦးအေးပိုင် ကပြောပါတယ်။
"ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၉၇(၁) မှာ ဒီအာမခံ မပေးနိုင်သော်လည်း သေဒဏ်ကျွန်းဒဏ် ကျခံနိုင်တဲ့ပြစ်မှုဆိုရင် အာမခံပေးလို့ရတယ်လို့ ပြဌါန်းထားတယ်လေ၊ ဒီအမှုက ရဲချည်းပိုင်တဲ့အမှုလည်း မဟုတ်ဘူး၊ တရားရုံးက ဖမ်းဝရမ်းထုတ်တာ၊ ဒီဖမ်းဝရမ်းကို အခုနကပြောတဲ့ ကျနော်ပြောတဲ့ ၃ ယောက်က သိကိုမသိလိုက်တာ၊ အကြောင်းလည်းမကြား သိလည်းမသိလိုက်တော့ သူတို့ကိုယ်တိုင်ပဲ ခရိုင်ရဲကို အကြောင်းကြား သတင်းပေးပြီးတော့ အဖမ်းခံတာဆိုတော့ ထွက်ပြေးတိမ်းရှောင်မှုတွေ မဟုတ်ဘူး၊ ရဲရဲရင်ဆိုင်မှာ၊ တရားရုံးကတော့ ဒီဟာဟာ ရုန်းရင်းဆန်ခတ်မှုဖြစ်တဲ့အတွက် အာမခံမပေးသေးဘူးလို့ပဲ အမိန့်ချလိုက်တာပါ"
ဒီကနေ့ ရုံးထုတ်မှာ ပြီးခဲ့တဲ့မေလ ၁၁ ရက်နေ့က ဖမ်းဆီးခံခဲ့တဲ့ ကိုတင်ထွဋ်ဇော်(ခ)ကိုလတ်နဲ့ မအောင်အောင်မြင့် (ခ)မအောင်၊ မေလ ၁၅ ရက်နေ့နဲ့ မေလ ၂၂ ရက်နေ့က လာရောက်အဖမ်းခံတဲ့ ကိုတင်လင်းထိုက်၊ ကိုတင်ဌေးအောင်(ခ)ကိုအကြီးကောင်နဲ့ ကိုမြတ်ဘုန်းမိုရ် တို့ကို ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။
အမှုတွဲအဖြစ်ပါဝင်ပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဆရာတော် ဦးသုစိတ္တနဲ့ ဦးပညာဝံသ တို့ကို မဖမ်းမိသေးတဲ့ အတွက် အမှုကို စစ်ဆေးခြင်းမရှိဘဲ လာမယ့် ဇွန်လ ၁၆ ရက်နေ့ကို ရုံးထပ်မံချိန်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့မေလ ၉ ရက်နေ့ညက မင်္ဂလာတောင်ညွှန့်မြို့နယ် မြယာကုန်းလမ်းမှာ ခိုးဝင်သူတွေရှိနေတယ်ဆိုပြီး အမျိုးသားရေးလှုပ်ရှားသူအချို့နဲ့ သံဃာတော်အချို့အပါအဝင် သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ဝင်ရောက်ရှာဖွေရာမှာ မတွေ့ရှိရာကနေ ပဋိပက္ခဖြစ်ပွားခဲ့တာဖြစ်ပါတယ်။