မင်္ဂလာတောင်ညွန့် မတည်ငြိမ်မှု ပါဝင်ပတ်သက်သူ ၇ ယောက်ကို ဖမ်းဝရမ်းထုတ်
2017.05.11

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှာ မေလ ၉ ရက်နေ့ညက ဖြစ်ခဲ့တဲ့ မတည်ငြိမ်မှုမှာ အဓိကပါဝင်ပတ်သက်သူ ၇ ယောက်ကို ရဲတပ်ဖွဲ့က ပုဒ်မ ၅ဝ၅- ဂ/၃၄ ဆူပူအောင်သွေးထိုးလှုံ့ဆော်မှုနဲ့ ဒီနေ့ မေလ ၁၁ ရက်နေ့မှာ တရားစွဲလိုက်ပြီလို့ သတင်းရရှိပါတယ်။
ရဲမှူးခင်မောင်ဦးက မင်္ဂလာတောင်ညွန့် မြို့နယ်တရားရုံးမှာ တရားလိုလုပ်ပြီး ဦးတိုက်လျှောက်ထားခဲ့တဲ့အတွက် မြို့နယ်တရားသူကြီးက လက်ခံလိုက်ပြီး ဖမ်းဝရမ်းထုတ်လိုက်ပြီလို့ ခိုင်လုံတဲ့ တရားရုံးသတင်းရပ်ကွက်က RFA ကို ပြောပါတယ်။
အခု ဖမ်းဝရမ်း ထုတ်လိုက်တဲ့သူတွေကတော့ မင်္ဂလာတောင်ညွန့်မြို့နယ်က ဦးတင်ထွဋ်ဇော် ဆိုသူ အပါအဝင် ၇ ဦးဖြစ်ပြီး၊ အဲဒီထဲမှာ ဦးပဉ္စင်း၂ ပါးလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ရဲမှူးခင်မောင်ဦးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရသေးပါဘူး။
ပုဒ်မ ၅ဝ၅ (ဂ) ဟာ လူအမျိုးအစား အချင်းချင်းဖြစ်စေ၊ လူမျိုးစုအချင်းချင်းဖြစ်စေ၊ တဘက်နဲ့တဘက် ရာဇဝတ်မှု ကျူးလွန်အောင်လှုံ့ဆော်ရန် အကြံရှိလျှင် (သို့မဟုတ်) အဆိုပါလှုံ့ဆော်ခြင်းကို ဖြစ်စေသည့်အကြောင်း ရှိလျှင် ထိုသူကို ၂ နှစ်အထိထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်လို့ ဖော်ပြထားပါတယ်။ မျဉ်းစောင်း ၃၄ ကတော့ တဦးထက်ပိုပြီး အကြံတူတခုကို အထမြောက်စေရန်ရည်ရွယ်၍ ရာဇဝတ်မှုကျူးလွန်လျှင် တဦးတည်းပြုသကဲ့သို့ ကျန်သူများမှာလည်း အသီးသီး အပြစ်တာဝန်ရှိကြောင်း ရည်ညွန်းထားတာဖြစ်ပါတယ်။