မင်္ဂလာတောင်ညွန့် ရုန်းရင်းဆန်ခတ်မှု ၅ ဦးကို ထောင် ၆ လချ
2017.11.28

ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ညက မင်္ဂလာတောင်ညွန့်မြိုနယ်မှာ ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုနဲ့ ပတ်သက်ပြီး ဆူပူလှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ဂ)နဲ့ တရားစွဲဆိုခံထားရသူ ၅ ဦးကို ဒီကနေ့ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံး က ထောင်ဒဏ် ၆ လချမှတ်လိုက်ပြီး ချုပ်ရက်ကို ထုတ်နှုတ်ခံစားခွင့်ပေးခဲ့တဲ့အတွက် လွတ်မြောက်သွားပြီ ဖြစ်ပါတယ်။
ပြစ်ဒဏ်ချမှတ်ခံရသူ ၅ ဦးဘက်ကနေ ရှေ့နေအဖြစ် လိုက်လံကူညီပေးခဲ့တဲ့ ရှေ့နေဦးအေးပိုင်က ဒီကနေ့ အမိန့်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
"ဒီနေ့ အမိန့်ချလိုက်ပါပြီ၊ ကျနော်တို့ ခြောက်လချလိုက်တယ်၊ ချုပ်ရက်ရှိက ခံစားစေပေါ့နော် ခံစားစေဆိုတော့ သူတို့က ချုပ်ရက်က ၆ လကျော်နေပြီလေ ထောင်ကိုတော့ ပို့လိုက်တယ် ထောင် ကိုတော့ ဒီနေ့ သွားထုတ်နေကြပါပြီ"
ရုန်းရင်းဆန်ခတ်မှုနဲ့ ပတ်သက်ပြီး ဆရာတော် ဦးသုစိတ္တ၊ ဦးပညာဝံသ တို့နဲ့အတူ လူ ၅ ဦးကို ဆူပူလှုံ့ဆော်မှု ပုဒ်မ ၅၀၅(ဂ) နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းက တရားစွဲဆိုထားတာ ဖြစ်ပေမယ့် ဒီကနေ့ အမိန့်ချမှတ်အပြီးမှာ ဆရာတော်နှစ်ပါးလုံးနဲ့ ပတ်သက်ပြီး ရှေ့နေဦးအေးပိုင်က တစ်စုံတရာ ပြောဆိုခြင်း မရှိပါဘူး။
ပြီးခဲ့တဲ့မေလ ၉ ရက်နေ့ညက မင်္ဂလာတောင်ညွှန့်မြို့နယ် မြယာကုန်းလမ်းမှာ ခိုးဝင်သူတွေရှိနေတယ်ဆိုပြီး အမျိုးသားရေးလှုပ်ရှားသူအချို့နဲ့ သံဃာတော် အချို့အပါအဝင် သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ဝင်ရောက်ရှာဖွေရာမှာ မတွေ့ရှိခဲ့ရာကနေ ဆူပူမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အဲဒီဖြစ်စဉ် စတင်ခဲ့တဲ့ မျိုးချစ်သွေးဓမ္မကွန်ရက် ဥက္ကဌ ဦးတင်လင်းထိုက်(ခ)လင်းလင်း၊ အတွင်းရေးမှူး ဦးတင်ဌေးအောင်(ခ) အကြီးကောင်၊ ဦးတင်ထွဋ်ဇော် (ခ) ကိုလတ်၊ မအောင်အောင်မြင့် (ခ) မအောင်နဲ့ ကိုမြတ်ဘုန်းမိုရ်တို့ကို ပုဒ်မ ၅၀၅(ဂ) နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ပုဒ်မ ၅ဝ၅ (ဂ) ဟာ လူအမျိုးအစား အချင်းချင်းဖြစ်စေ၊ လူမျိုးစုအချင်းချင်းဖြစ်စေ၊ တစ်ဖက်နဲ့တစ်ဖက် ရာဇဝတ်မှု ကျူးလွန်အောင်လှုံ့ဆော်ရန် အကြံရှိလျှင် (သို့မဟုတ်) အဆိုပါလှုံ့ဆော်ခြင်းကို ဖြစ်စေသည့်အကြောင်းရှိလျှင် ထိုသူကို ၂ နှစ်အထိထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေချမှတ်ရမည် လို့ ဖော်ပြထားပါတယ်။
အမှုတွဲအဖြစ်ပါဝင်ပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဆရာတော် ဦးသုစိတ္တနဲ့ ဦးပညာဝံသ တို့ကိုတော့ အမိန့်ချပြီးတဲ့အထိ ဖမ်းဆီးခြင်း မရှိသလို အမေရိကန်သံရုံးရှေ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ဆရာတော် ဦးသုစိတ္တကိုလည်း ကမာရွတ်မြို့နယ် တရားရုံးက ဖမ်းဝရမ်းထုတ်ထားပေမယ့် ဒီနေ့အချိန်အထိ ဖမ်းဆီးခြင်း မရှိသေးပါဘူး။