ကြက်၊ ဘဲဈေးမှာ လုံခြုံရေး CCTV ကင်မရာတွေ တပ်ဆင်မည်
2016.11.06

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြိုနယ်က ကြက်ဘဲဈေးမှာ မှုခင်းတွေလျော့ကျစေဖို့နဲ့ ဈေးလုံခြုံရေး အတွက် CCTV ကင်မရာအလုံး ၁၇၀ ကျော်ကို တစ်လအတွင်း အပြီးတပ်ဆင် သွားမယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
ဒီကြက်ဘဲဈေးဟာ ရန်ကုန်တစ်မြို့လုံးအတွက် ရောင်းဝယ်ဖောက်ကားနေတာဖြစ်လို့ ဈေးမှာမှုခင်းတွေကျ ဆင်းစေဖို့အတွက် CCTV တွေတပ်ဆင်ဖို့ လိုတယ်လို့ မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်အမှတ် ၂ က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောပါတယ်။
"အခုဆိုလို့ရှိရင် ဈေးနဲ့ပတ်သက်ပြီးတော့ CCTV ၁၇၃ လုံး တပ်ဆင်ပါလိမ့်မယ်၊ တပ်ဆင်တဲ့ ရည်ရွယ်ချက်ကလည်း အမှုအခင်းတွေ မဖြစ်ပေါ်အောင်ပေါ့နော်၊ ရာဇဝတ်မှုတွေ ဖြစ်ပေါ်လာခဲ့ရင် တရားခံကို တိုက်ရိုက်အချိန်တိုအတွင်းမှာပဲ ထိန်းသိမ်းနိုင်အောင်လို့ ပြဿနာမရှိအောင်လို့ပေါ့၊ ဈေးအနေနဲ့ ဒါထူးခြားတဲ့ ဆောင်ရွက်ချက်တစ်ချက်ပေါ့"
တပ်ဆင်မယ့် CCTV လုံခြုံရေး ကင်မရာတွေကို ဈေးသူ၊ ဈေးသားတွေနဲ့ စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်းပြီး တပ်ဆင်မှာဖြစ်ပါတယ်။
ကြက်ဘဲဈေးအနီး ပုသိမ်ညွန့်ရပ်ကွက်မှာ နေထိုင်သူတွေက ဈေးသူဈေးသားတွေနဲ့ ရပ်ကွက်သားတွေ ခိုက်ရန်ဖြစ်ပွားတာတွေ၊ စည်းကမ်းမဲ့တာတွေကို တိုင်ကြားတာကြောင့် မင်္ဂလာတောင်ညွန့်မြို့နယ်က လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဈေးသူဈေးသားတွေ၊ ဈေးတာဝန်ခံတွေ၊ စည်ပင်ကတာဝန်ရှိ သူတွေနဲ့ ဒီကနေ့ တွေဆုံခဲ့ကြတာဖြစ်ပါတယ်။
ဈေးသူဈေးသားတွေနဲ့ ရပ်ကွက်သားတွေ ခိုက်ရန်ဖြစ်ပွားတာတွေလျော့နည်းအောင် ဈေးပတ်ဝန်းကျင်က အရက်ဆိုင်တွေကို စိစစ်အရေးယူသွားဖို့ ဌာနဆိုင်ရာတွေနဲ့ ညှိနှိုင်းသွားမယ်လို့လည်း လွှတ်တော်ကိုယ်စား လှယ်တွေက ပြောပါတယ်။