နမ့်ခမ်းမြို့နယ်မှာ ပေါက်ကွဲမှုဖြစ် ကလေးနှစ်ဦးသေ၊ ရှစ်ဦးဒဏ်ရာရ
2019.04.27

ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်၊ နမ့်ခမ်း မိုင်းဝီးလမ်းပေါ်က မန်ပန်ရွာမှာ ဧပြီလ ၂၆ ရက်နေ့ညနေပိုင်းက စစ်လက်နက်ပစ္စည်း တစ်လုံး ပေါက်ကွဲလို့ ကလေး နှစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့တဲ့အတွက် နမ့်ခမ်းမြို့နယ်ဆေးရုံကို တင်ထားရပါတယ်။
ဧပြီလ ၂၆ ရက်နေ့ညနေပိုင်းမှာ တောထဲမီးသွေးဖုတ်ပြီး ပြန်လာတဲ့ မိသားစုထဲက ကလေးငယ် တစ်ဦးဟာ စစ်လက်နက်ပစ္စည်း တစ်ခုကိုကောက်ယူလာခဲ့ပြီး တခြား ကလေးငယ် ၁၁ ဦးလောက်က ဝိုင်းဝန်းဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ သိရပါတယ်။
မူဆယ်ခရိုင်ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူ တစ်ဦးက ပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦး နေရာမှာပဲ သေဆုံးခဲ့ရကြောင်းနဲ့ အဲဒီဒေသမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အများအပြား လှုပ်ရှားတဲ့ နေရာဖြစ်ပြီး ဘယ်အဖွဲ့က၊ ဘယ်လိုလက်နက်အမျိုးအစားလဲဆိုတာကို မသိရသေးကြောင်း RFA ကို ဒီနေ့ ပြောပါတယ်။
သေဆုံးသွားတဲ့ ကလေး နှစ်ဦးကတော့ လွေးအီဟွမ် နှစ်နှစ်နဲ့ မိုင်းနိုင်ဖြိုး ရှစ်နှစ်တို့ဖြစ်ပြီး ဒဏ်ရာရသူ ရှစ်ဦးထဲမှာ လေးဦးလောက်ဟာ ဒဏ်ရာပြင်းထန်တယ်လို့ မိုင်းထိသူတွေကို ကူညီပေးနေသူ နမ့်ခမ်းဆေးရုံကို ရောက်နေတဲ့ မမေဇာက ပြောပါတယ်။
ဒဏ်ရာရတဲ့ ကလေးငယ်ထဲက မိန်းကလေးငယ်တစ်ဦးနဲ့ ယောက်ျားလေး ကလေးငယ်တစ်ဦးက ဒဏ်ရာပြင်းထန်တဲ့အတွက် သူတို့အတွက်အရေးပေါ် သွေးလိုအပ်ချက်တွေရှိနေပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
အဲဒီကျေးရွာတွေတဝိုက်မှာ အစိုးရ တပ်မတော်၊ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA အပြင် လက်နက်ကိုင်ပြည်သူစစ်အဖွဲ့တွေ လှုပ်ရှားနေတဲ့နေရာဖြစ်ပြီး ကလေးတွေရရှိခဲ့တဲ့ အဲဒီ စစ်လက်နက်ပစ္စည်းဟာ ဘယ်အဖွဲ့ကလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
ဖေဖော်ဝါရီလအတွင်းကလည်း မန်စီမြို့နယ်မှာ မိုင်းတစ်လုံးကို ကလေးတွေ ဆော့ကစားရာကနေ ကလေးငယ်ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့သလို မတ်လအတွင်းကလည်း နမ္မတူမြို့နယ် မန်လီရွာမှာ မိုင်းတစ်လုံးပေါက်ကွဲလို့ အရပ်သားသုံးဦး သေဆုံးခဲ့ပြီး ငါးဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်လက်နက်ပစ္စည်းတွေကြောင့် အရပ်သား ထိခိုက်မှုတွေ ပိုများလာနေတယ်လို့ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်း လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။
အဲဒီထဲမှာ စစ်လက်နက်ပစ္စည်း အကြွင်းအကျန်တွေကို ဆော့ကစားလို့ ကလေးငယ်တွေ ထိခိုက်မှုဟာ ပိုများလာနေတယ်လို့ သိရပါတယ်။
၂၀၁၈ ခုနှစ်အတွင်း ရှမ်းမြောက်ဒေသမှာ မိုင်းကြောင့် ထိခိုက်မှုတွေဟာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ အများဆုံးဖြစ်တယ်လို့ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်း လုပ်ကိုင်နေတဲ့ အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့တာပါ။