မြောက်ဦးမြို့နယ်မှာ မြေမြှုပ်မိုင်းနင်းမိလို့ တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ
2019.03.06

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အောက်သကန်ကျေးရွာအနီးမှာ တောထဲကို ထင်းသွားသယ်တဲ့ ဒေသခံ ၃ ဦး ဒီနေ့ နေ့လယ်က မြေမြှုပ်မိုင်းနင်းမိခဲ့တဲ့အတွက် တစ်ဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အောက်သကန်ရွာမှာနေထိုင်တဲ့ ရွာသား သုံးဦးဟာ ရွာနဲ့ ၂ မိုင်ခန့် အကွာမှာရှိတဲ့ တောင်တန်းပေါ်ကို ခုတ်ထားတဲ့ ထင်းတွေ သွားရောက် သယ်ဆောင်ရာမှာ မိုင်းနင်းမိခဲ့တာဖြစ်ကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က RFA ကို ပြောပါတယ်။
မိုင်းနင်းမိတဲ့အတွက် အသက် ၆၈ နှစ်အရွယ် အမျိုးသားတစ်ဦး ခြေထောက်ပြတ်ကာ သေဆုံးခဲ့ပြီး အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
ထိခိုက်ဒဏ်ရာရခဲ့တဲ့သူ နှစ်ဦးကို လက်ရှိ မြောက်ဦးမြို့နယ် ပြင်ကျော်တိုက်နယ် ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့လည်း ဦးထွန်းသာစိန်က ပြောပါတယ်။
ဒီနေ့ညနေပိုင်းမှာတော့ ဒဏ်ရာရရှိသူတွေကို မြောက်ဦးဆေးရုံကို လွှဲပြောင်းလိုက်တယ်လို့ သိရပေမယ့် RFA က သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲကြောင့် မြောက်ဦးမြို့နယ်အတွင်းမှာ စစ်ဘေးဒုက္ခသည် ၃၀၀၀ ကျော်အထိ ရှိလာပြီဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။