ရတနာရှင်ကုမ္ပဏီ ကျောက်တွင်း ပြိုကျမှု အလုပ်သမား ၆ ဦး သေဆုံး


2017.01.01
mine-collapse-620.jpg ရတနာရှင်ကုမ္ပဏီ ကျောက်တွင်းပြိုကျမှုကြောင့် သေဆုံးသွားတဲ့ရုပ်အလောင်းတွေကို တွေ့ရစဉ်
Photo: ချစ်လုလင်/ Facebook

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ သဒွတ်သျှိုကျေးရွာအုပ်စုက ရတနာရှင် ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီရဲ့လုပ်ကွက်တစ်ခုမှာ ကျောက်တွင်းပြိုကျ ခဲ့တာကြောင့် အလုပ်သမား ၆ ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ညက ကျောက်တွင်းပြိုကျတာမှာ ပြိုကျတဲ့ကျောက်ချပ်တွေပိမိပြီး ကျောက်တူးသမား ၆ ဦး သေဆုံးတာဖြစ်တယ်လို့ မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူး က ပြောပါတယ်။

"ရတနာရှင် ကျောက်မျက်ကုမ္ပဏီပေါ့၊ အဲဒီကနေပြီးတော့ အလုပ်သမား ၆ ယောက်ပေါ့ဗျာ၊ ပေ ၈၀၀ လောက်လုပ်တယ်ဆိုရင် ပေ ၂၀၀၊ ၃၀၀ လောက်က ဘေးမှာရှိတဲ့ ကျောက်ချပ်ကပြုတ်ကျပြီးတော့ သူတို့ကိုယ်ပေါ်မှာပိပြီးတော့ ဆုံးသွားတာပေါ့၊ ၂၉ ရက်နေ့ ညနေပိုင်း ၆ နာရီ လောက်ကဖြစ်တာ ခင်ဗျ၊ ညပိုင်းအထိကတော့ ၃ ယောက်လောက်တွေ့တယ်ပေါ့၊ ၃၀ ရက်နေ့ညပိုင်းကျတော့ ထပ်ရှာကြတာ ၇ နာရီ အထိလောက်ကျတော့ ၅ လောင်းရတယ်ပေါ့၊ နောက်ဆုံးတစ်ယောက်ကျတော့ ၃၀ ရက်နေ့ ၁ နာရီ ခွဲလောက်ကျမှရတယ်"

ကျောက်တွင်း အလုပ်သမား ၆ ဦး သေဆုံးတာနဲ့ ပတ်သက်ပြီး မိုးကုတ်မြို့နယ် ရဲစခန်းမှာ သေမှုသေခင်းနဲ့ ဖွင့်ထားပါတယ်။

အဲဒီကျောက်တွင်းပြိုကျမှုဖြစ်ပွားခဲ့တဲ့ လုပ်ငန်းခွင်နေရာကို ယာယီရပ်ဆိုင်းထားပါတယ်။

သေဆုံးသူတွေဟာ မိုးကုတ်မြို့ခံတွေ မဟုတ်ဘဲ စစ်ကိုင်းတိုင်းဘက်ကနေ လာရောက်လုပ်ကိုင်သူတွေဖြစ်တယ် လို့ သိရပါတယ်။

သေဆုံးသူတွေနဲ့ပတ်သက်ပြီး အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝရရှိဖို့အတွက် ညှိနှိုင်းဆောင်ရွက်ပေး သွားမှာ ဖြစ်တယ်လို့လည်း ဦးကံထူး က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။