မင်းတပ်မှာ လက်နက်ကြီးကြောင့် ကလေးသုံးဦးအပါအဝင် လေးဦးဒဏ်ရာရ

RFA Burmese
2023.02.01
မင်းတပ်မှာ လက်နက်ကြီးကြောင့် ကလေးသုံးဦးအပါအဝင် လေးဦးဒဏ်ရာရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့က စစ်ကောင်စီမှ ပစ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန်ပျက်စီးခဲ့သည့် နေအိမ်တစ်လုံးကို တွေ့ရစဉ်။
မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ အုံရွာမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့က စစ်ကောင်စီတပ်ရင်း ခလရ (၂၇၄) ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ရွာဆေးခန်းအနီး ကျရောက်ပေါက်ကွဲခဲ့တာ ကြောင့် အသက်မပြည့်သေးတဲ့ ကလေးသုံးဦးအပါအ၀င် လေးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၄၂ နှစ်အရွယ် အမျိူသမီးတစ်ဦးက ဘယ်၊ ညာပေါင်ရိုးထိမှန်ခဲ့ပြီး အသက် ၁၄ နှစ် အရွယ် မိန်းကလေးက လက်မောင်းနဲ့ အသက် ၁၂ နှစ်အရွယ် မိန်းကလေးနှစ်ဦးကတော့ ဘယ်တံတောင်ဆစ်နဲ့ ဘယ်လက်တွေမှာ လက်နက်ကြီးကျည် ထိမှန်ခဲ့တာလို့ ဒေသခံ တွေက RFA ကို ပြောပါတယ်။

ဒါ့အပြင် ရွာဆေးခန်းအပါအ၀င် ဂျစ်ကားတစ်စီးနဲ့ လူနေအိမ်တစ်လုံးပါ လက်နက်ကြီး ကျည် ထိမှန်ပျက်စီးခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတွေပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရ လူမူရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း မင်းတပ်မြို့နယ်၊ ပလိပ်ထွီရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် လူနေအိမ်နှစ်လုံး၊ ဘုန်းကြီးကျောင်း တစ်ကျောင်းအပြင် သိမ်ပါ ပျက်စီးခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်ထိ မင်းတပ်မြို့ပေါ်မှာ ဂျက်တိုက်လေယာဉ်တွေ နေ့တိုင်းလိုလို ပျံဝဲနေတယ် လို့လည်း ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။