မင်းတပ်မြို့မရဲစခန်း အချုပ်သားတွေ ဆန္ဒပြ
2018.11.30
ချင်းပြည်နယ် မင်းတပ်မြို့မရဲစခန်းက အချုပ်သားတွေက အချုပ်သားအခွင့်အရေး အပြည့်အ၀ မရတဲ့အတွက် အစာငတ်ခံ ဆန္ဒပြနေကြတယ်လို့ အချုပ်သားတချို့ရဲ့ မိသားစုဝင်တွေနဲ့ ရဲစခန်းမှာ အချုပ်ကျနေတဲ့ မိတ်ဆွေကို သွားရောက်ကြည့်ရှုခဲ့သူတွေက ပြောပါတယ်။
ရဲစခန်းက တာဝန်ရှိသူတွေက အချုပ်သားတွေကို သွားတိုက်တံ အချုပ်ခန်းထဲ ယူခွင့်မပေးတာ၊ ရေသန့်ဘူးတွေ တစ်ယောက်ချင်း ယူဆောင်ခွင့်မပြုတာ စတာတွေကြောင့် အချုပ်သားတွေက သူတို့ရဲ့အခွင့်အရေးကို ချိုးဖောက်ခံရတဲ့အတွက် အစာငတ်ခံ ဆန္ဒဖော်ထုတ်နေကြတာလို့ အဲဒီအချုပ်ခန်းကို မနေ့က သွားရောက်ခဲ့တဲ့ မင်းတပ်လူငယ်အဖွဲ့က ဆလိုင်းမာန်ဟုန်းက RFA ကို ပြောပါတယ်။
မင်းတပ်မြို့မ ရဲစခန်းအချုပ်ထဲမှာ အချုပ်ကျနေသူ ၁၂ ဦးရှိပြီး အားလုံး မနေ့ကစပြီး အစာငတ်ခံ ဆန္ဒပြနေတာ လို့လည်း ဆလိုင်းမာန်ဟုန်းက RFA ကို ပြောပါတယ်။
မင်းတပ်ရဲစခန်းက အချုပ်သားတွေကို ရဲမှူးကြီးက တခြားတာဝန်တွေကိုလည်း ခိုင်းစေတာတွေရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
အခုလို အချုပ်သားတွေ အစာငတ်ခံ ဆန္ဒပြတဲ့သတင်းနဲ့ ပတ်သက်ပြီး မှန်ကန်မှု ရှိ၊ မရှိ မင်းတပ်ခရိုင်နဲ့ မြို့နယ် ရဲစခန်းတွေကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ ရဲစခန်းတွေက ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါဘူး။
ပြည်တွင်းမီဒီယာတစ်ခုမှာတော့ အချုပ်သားတွေ အစာငတ်ခံ ဆန္ဒပြကြတဲ့သတင်းဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းဖြစ်ပြီး မဟုတ်မှန်ကြောင်း ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူး ကပြောကြာထားတာကို တွေ့ရပါတယ်ရှင်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။