မင်းတပ်မြို့ ဗုံးသီးအလုံးရေ ၇ဝ လောက် ကြဲချတိုက်ခိုက်ခံရ
2024.10.26

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၆ ရက်နေ့မှာ ဗုံးသီးအလုံးရေ ၇ဝ လောက် ကြဲပြီး တိုက်ခိုက်သွားတယ်လို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်သွားတဲ့အခြေအနေတွေကိုတော့မသိရသေးဘူးလို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရသူ ကိုယောမန်က ပြောပါတယ်။
“တစ်ကြိမ်တည်းပါပဲ၊ တစ်နာရီလောက် ပတ်ပြီး ကြဲတာပါ။ Y-12 ယာဉ်နဲ့ ဗုံးသီး အလုံး ၇၀ ဝန်းကျင်လောက် ကြဲတယ် ပြောပါတယ်။ အထိအခိုက်တော့ ရှိမယ်၊ အသေအချာ မသိရသေးဘူး ခင်ဗျ”
မင်းတပ်မြို့ပေါ်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် ဆက်သွယ်ရခက်ခဲနေတယ်လို့လည်း သူက ဆိုပါတယ်။ အောက်တိုဘာ ၂၆ ရက်နေ့က မင်းတပ်မြို့ပေါ် ဗုံးကြဲခံရတဲ့နောက်ဆက်တွဲအခြေအနေကို သိရဖို့ ဒေသခံတွေကို RFA က ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။
မင်းတပ်ဒေသကာကွယ်ရေးအဖွဲ့ရဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ထုတ်ပြန်ချက်အရ ဩဂုတ်နဲ့ စက်တင်ဘာလ နှစ်လအတွင်း စစ်ကောင်စီက လေကြောင်းကနေ ၄၄ ကြိမ် ဗုံးကြိမ်တိုက်ခိုက်ခဲ့ပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကတော့ မင်းတပ်မြို့နယ်မှာ ၂ဝ၂၂ ခုနှစ် ဇူလိုင်ကနေ ၂ဝ၂၄ ဇူလိုင်လအထိ နှစ်နှစ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၂ ဦး သေဆုံးပြီး ၇၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ချင်းညီနောင် ပူးပေါင်းတပ်ဖွဲ့တွေက မင်းတပ်မြို့ကို သိမ်းဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံအများစုက ကျေးရွာတွေနဲ့ မကွေးတိုင်းက ယောနယ်ဘက်ကို တိမ်းရှောင်နေကြတယ်လို့လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောထားပါတယ်။