မင်းတပ်မြို့နယ်ကို ရာနှုန်းပြည့်နီးပါး ထိန်းချုပ်ထားနိုင်ပြီလို့ CDF ပြော

RFA Burmese
2024.04.26
မင်းတပ်မြို့နယ်ကို ရာနှုန်းပြည့်နီးပါး ထိန်းချုပ်ထားနိုင်ပြီလို့ CDF ပြော ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ် (CDF-မင်းတပ်) ၏ သုံးနှစ်ပြည့်အခမ်းအနားတွင် CDF - မင်းတပ် တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့က ထုတ်ပြန်ထားစဥ်။
Chin Defence Force - Mindat

အာဏာသိမ်းကာလ သုံးနှစ်ကျော်လာချိန်မှာ မင်းတပ်မြို့နယ်ကို ရှစ်ဆယ်ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်ပြီလို့ ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ် (CDF-မင်းတပ်) ရဲ့ သတင်းပြန်ကြားရေးနဲ့ မှတ်တမ်းဌာနက ဌာနမှူး ကိုဆလပ်သွေးက ပြောပါတယ်။

ဧပြီလ ၂၄ ရက်နေ့မှာကျင်းပတဲ့ CDF-မင်းတပ် တည်ထောင်ခြင်း သုံးနှစ်ပြည့် အခမ်းအနားမှာ ပြောဆိုခဲ့တာဖြစ်ပြီး ဒီကာလအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်း ၂၅၀ ကျော် ဆင်နွှဲပြီးမှ အခုလို ထိန်းချုပ်လာနိုင်တာလို့ ကိုဆလပ်သွေးက ပြောပါတယ်။

“သုံးနှစ်တာ ကာလအတွင်းမှာ မင်းတပ်မြို့နယ်မှာ တိုက်ပွဲအကြိမ်ရေ ၂၅၂ ကြိမ် ဖြစ်ပွားခဲ့ပြီးမှ မင်းတပ်မြို့ကို ရှစ်ဆယ်ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။ အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်ကို ရာနဲ့ချီ သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြသော်လည်း မင်းတပ် ပြည်သူ့ကာကွယ်ရေးဖက်မှ ကျွန်တော်ရဲ့ ပထမဆုံး တပ်မဟာမှူးနဲ့ ရဲဘော်တွေ ကျဆုံးခဲ့ပါတယ်”

တိုက်ပွဲအတွင်းမှာ CDF-မင်းတပ်ရဲ့ တပ်ဖွဲ့ဝင် ၆၅ ဦး သေဆုံးခဲ့ပြီး မင်းတပ်မြို့နယ်က မကွီးအိမ်နူးမြို့နဲ့ မတူပီမြို့နယ်က ထယ်ဘွေးစခန်းတွေကို သိမ်းပိုက်ထားတယ်လို့ သူက ဆိုပါတယ်။

ဒီကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ဘုန်းတော်ကြီးကျောင်း လေးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း ရှစ်ကျောင်းအပါအဝင် စုစုပေါင်း နေအိမ်အဆောက်အအုံ နှစ်ရာကျော် ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ ကြည်းကြောင်း ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်လည်း သုံးနှစ်အတွင်း အရပ်သား နှစ်ဆယ်ကျော် သေဆုံးပြီး ၅၆ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ CDF-မင်းတပ်က ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။