မင်းပြားမှာ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဆယ်ဦးဒဏ်ရာရ
2024.05.22
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် နရမ်းကားဂိတ်နဲ့ ခေါင်းတုတ်ရွာဟောင်းကို မေ ၂၂ ရက် ဒီနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ နှစ်ကြိမ်ဗုံးကြဲခဲ့လို့ ကိုရင်တစ်ပါးအပါအဝင် ဒေသခံ ဆယ်ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ခေါင်းတုတ်ရွာဟောင်းက ဘုန်းကြီးကျောင်းပျက်စီးသွားပြီး ဒဏ်ရာရသူတွေရဲ့ အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဗုံးနှစ်လုံးလာကြဲတာ။ တစ်လုံးက နရမ်းကားဂိတ်ကို ကြဲတယ်။ နောက်တစ်လုံးက ခေါင်းတုတ်ရွာဟောင်း ဘုန်းကြီးကျောင်းကို ကြဲတယ်။ ကျောင်းက လုံးဝပျက်စီးသွားတယ်။ ကိုရင်တစ်ပါးလည်း ဒဏ်ရာရတယ်။ နရမ်းကားဂိတ်မှာတော့ လူတစ်ဆယ်လောက် ဒဏ်ရာရတယ်။ ဒဏ်ရာရသူတွေက စိုးရိမ်ရတဲ့အခြေအနေတွေ ရှိတယ်”
မေ ၁၅ ရက်နေ့ကလည်း မင်းပြားမြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ဥက္ကာပျံရပ်ကွက်က ဘုန်းကြီးကျောင်းပျက်စီးသွားခဲ့သလို ကျောင်းသားတစ်ဦး သေဆုံးပြီး ရဟန်းတစ်ပါးလည်း ဒဏ်ရာရသွားတယ်လို့ သူက ဆိုပါတယ်။
သံတွဲမြို့နယ်မှာလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတာနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် အခုမေလအတွင်း အရပ်သား ၂၃ ဦး သေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
RFA ကပြုစုထားတဲ့စာရင်းအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီကနေ ဧပြီလအထိ လေးလအတွင်းမှာ သေဆုံးသူ ၅၁၄ ဦးရှိခဲ့ပြီး ဒဏ်ရာရသူက ၁၁၅၂ ဦးအထိ ရှိခဲ့ပါတယ်။