မင်းဘူး ကျောက်မီးသွေးတွင်း ပြိုကျမှု ၄ ဦး သေဆုံး
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မန်းရွှေစက်တော်ဘုရားအနီးမှာ ကျောက်မီးသွေးတွင်း တစ်တွင်း မနေ့က လေပြွန်ပိုက် ပေါက်ကွဲတာကြောင့် အလုပ်သမား ၄ ယောက် သေဆုံး ပြီး နောက်ထပ် ၄ ယောက်လောက်လည်း ကျောက်မီးသွေးတွင်းထဲမှာ ပိတ်မိနေတယ်လို့ တိုင်းဒေသကြီးဝန်ကြီး ဦးနေမျိုးကျော် က ဒီနေ့ ပြောပါတယ်။
-
2017-11-28 -
-
-
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မန်းရွှေစက်တော်ဘုရားအနီးမှာ ကျောက်မီးသွေးတွင်း တစ်တွင်း မနေ့ က လေပြွန်ပိုက် ပေါက်ကွဲတာကြောင့် အလုပ်သမား ၄ ယောက် သေဆုံးပြီး နောက်ထပ် ၄ ယောက်လောက်လည်း ကျောက်မီးသွေးတွင်းထဲမှာ ပိတ်မိနေတယ်လို့ တိုင်းဒေသကြီးဝန်ကြီး ဦးနေမျိုးကျော် က ဒီနေ့ ပြောပါတယ်။
ပိတ်မိနေတဲ့ အလုပ်သမားတွေကလည်း သေဆုံးနိုင်ခြေများတာကြောင့် သူတို့တွေရဲ့ ရုပ်အလောင်းတွေကို သယ်ယူဖို့ အဓိကထားလုပ်နေတယ်လို့ မကွေးတိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော်က ပြောပါတယ်။
"အဓိကအားဖြင့်တော့ ဘယ်သူမှ အသက်မရှိတော့ပါဘူး။ Dead Body တွေကို ကာယကံရှင်တွေ ဆီ ပြန်ပေးနိုင်ဖို့ တာဝန်ရှိတာနဲ့အညီ လုပ်သင့်လုပ်ထိုက်တာတွေလုပ်ဖို့ ဒါတွေနဲ့ပတ်သက်လို့ ကျနော်တို့ အစိုးရက စီမံခန့်ခွဲမှုနည်းလမ်းအရ အားလုံး စိစစ်ဆောင်ရွက်လျက်ရှိပါတယ်။ အဓိက ကယ်ဆယ်ဖို့နေရာမှာ အင်မတန် ခက်ပါတယ်။ ညတုန်းကတော့ ၂ ယောက်ကို ထုတ်ထားနိုင်တယ်။ ဒီနေ့ နေ့ခင်း ၃ နာရီလောက်က ထုတ်ထား တာ ၂ ယောက်နဲ့ စုစုပေါင်း သေဆုံးသူ ၄ ယောက်တော့ တွင်းဝကို ရောက်ပါပြီ။"
ပေါက်ကွဲမှုဖြစ်တဲ့ ကျောက်မီးသွေးတွင်းဟာ ဟန်ထက်ကုမ္ပဏီက တူးဖော်နေတာဖြစ်ပါတယ်။
မနေ့က လေပြွန်ပိုက်ပေါက်ကွဲတဲ့အရှိန်ကြောင့် တွင်းပြိုခဲ့တာဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် အလုပ်သမား ၂ ယောက် ဒဏ်ရာရရှိတာကြောင့် ငဖဲမြို့နယ်ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေတယ်လို့လည်း ပြောပါတယ်။
တွင်းထဲမှာ ပိတ်မိနေတဲ့ အလုပ်သမားတွေကို မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကျွမ်းကျင်တဲ့ ကျောက်မီးသွေးတွင်း အလုပ်သမားတွေ ပူးပေါင်းပြီး ရှာဖွေတဲ့အခါ မနေ့က ရုပ်အလောင်း ၂ လောင်းတွေ့ခဲ့ပြီး ဒီနေ့မှာ နောက်ထပ် ၂ လောင်းထပ်တွေ့တာဖြစ်ပါတယ်။
သယ်ထုတ်လို့မရသေးဘဲ ပိတ်မိနေတဲ့အထဲမှာ တရုတ်နိုင်ငံသား ကျောက်မီးသွေးတွင်းပညာရှင် တစ်ယောက်လည်း ပါဝင်တယ်လို့ ပြောပါတယ်။
အဲဒီတွင်းဟာ ပေ ၇၀၀ လောက်နက်ပြီး ပေ ၃၀၀ အနက်လောက်မှာ ပေါက်ကွဲမှုဖြစ်ပွားတာလို့ ပြောပါတယ်။
အခုလောလောဆယ်မှာတော့ ပိတ်မိနေတဲ့ အလုပ်သမားတွေရဲ့ ရုပ်အလောင်းတွေကို ထုတ်ယူနိုင်ဖို့ ကြိုးစားနေပြီး ကုမ္ပဏီကို စိစစ်အရေးယူတာတွေကိုတော့ နောက်ပိုင်းမှာ ဆက်လုပ်သွားမယ်လို့ သိရပါတယ်။