ရိုဟင်ဂျာမွတ်စလင်တွေကို လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုနဲ့ စစ်ရာဇဝတ်မှုတွေအတွက် မြန်မာ့တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တခြားအရာရှိတွေကို အရေးယူသင့်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ပြောတဲ့အကြောင်း မနေ့ညက ထုတ်တဲ့ ရိုက်တာသတင်းမှာ ဖော်ပြလိုက်ပါတယ်။
ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ နေရပ်မပြန်ခင်မှာ အပြစ်ကျူးလွန်တဲ့သူတွေကို အရေးယူဖို့ လိုအပ်တယ်လို့လည်း သူက ထပ်လောင်းပြောဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် အပြစ်ကျူးလွန်သူတွေကို အရေးမယူဘဲ ဒုက္ခသည်တွေကို ပြန်ပို့တာဟာ အခြေအနေကို ပိုဆိုးစေလိမ့်မယ်လို့ မစ္စယန်ဟီးလီက ထိုင်းနိုင်ငံခရီးအတွင်း ရိုက်တာသတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောဆိုပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အရေးယူဖို့၊ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်က အခုလို တရားဝင် ထုတ်ဖော်ပြောဆိုတာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အခုလို ပြောဆိုတာနဲ့ ပတ်သက်လို့ မြန်မာ့တပ်မတော်နဲ့ အစိုးရဘက်က မှတ်ချက်သိရဖို့ ပြောခွင့်ရပုဂ္ဂိုလ်တွေကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရဘူးလို့ဆိုပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ကိုအရေးယူဖို့ မစ္စယန်ဟီးလီပြော
