တိုင်းပြည်အပေါ် သစ္စာရှိအောင် အခြေခံဥပဒေမှာ ထည့်သွင်းထား တာလို့ ကာချုပ်ပြော


2016.02.24
minaunghlaing-bahtoo-620.jpg တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗထူးတပ်နယ်မှ သင်တန်းသားအရာရှိတွေနဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တွေ့ဆုံစဉ်
Photo: Senior General Min Aung Hlaing(Facebook)

မြန်မာနိုင်ငံသမိုင်းမှာ တိုင်းပြည်အပေါ် သစ္စာမဲ့မှု၊ ပြည်ပနိုင်ငံအပေါ် သစ္စာခံမှုတွေနဲ့ တပ်မတော်အပေါ် သစ္စာမဲ့ မှုတွေကြောင့် နိုင်ငံအရေး ရှုပ်ထွေးခဲ့ရကြောင်းနဲ့ အဲဒီလိုရှုပ်ထွေးမှုတွေ ထပ်မံမဖြစ်ပွားအောင် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ သတ်မှတ်ချက်တချို့ကို ထည့်သွင်းထားတာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

မနေ့က ဗထူးဗိုလ်သင်တန်းကျောင်းမှာ သင်တန်းသားအရာရှိတွေ ဗိုလ်လောင်းတွေနဲ့ တွေ့ဆုံရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာတွေကို ဒီနေ့ထုတ် မြဝတီသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

တိုင်းပြည်မှာ သစ္စာမဲ့တဲ့လုပ်ရပ်တွေကြောင့် လွတ်လပ်ရေးဆုံးရှုံးပြီး သူ့ကျွန်ဘဝကျရောက်ခဲ့ကြောင်းနဲ့ သစ္စာမဲ့တဲ့ လက်နက်ကိုင်တွေကြောင့် တိုင်းပြည်ပြိုကွဲမယ့်အန္တရာယ်ကနေ တပ်မတော်က ကာကွယ်ပေးခဲ့ရကြောင်း လည်း ပြောခဲ့ပါတယ်။

ဒ့ါအပြင် တပ်မတော်အနေနဲ့ တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဖံ့ွဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို အမျိုးသားနိုင်ငံရေးအဖြစ်  ဦးဆောင်ခဲ့ကြောင်းနဲ့ လက်ရှိအခြေအနေမပျက်ယွင်းအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ပထမ ၅နှစ်သက်တမ်းမှာ ဒီမိုကရေစီကို ခြေကုပ်ရယူခဲ့ပြီး ဒုတိယသက်တမ်းအတွင်းမှာ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို မဖြစ်မနေရရှိအောင် လုပ်ဆောင်ရမှာဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။