နိုင်ငံကို ဦးဆောင်မယ့်ပုဂ္ဂိုလ်ဟာ နိုင်ငံခြားသား သား သမီး မြေး အထိ ကင်းရှင်းသူဖြစ်သင့်ပြီး၊ မြန်မာနိုင်ငံသား စစ်စစ်သာဖြစ်သင့်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
နေပြည်တော် တပ်မတော်စစ်ရုံးချုပ်၊ ဘုရင့်နောင်ရိပ်သာမှာ မနေ့က အာအက်ဖ်အေက သီးသန့်တွေ့ဆုံ မေးမြန်း ခဲ့ရာမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
တပ်မတော်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အပြောင်းအလဲကို မလိုလားသူတွေအဖြစ် ဝေဖန်ပြောဆိုလာကြတဲ့ အပေါ် မေးမြန်းရာမှာ ဖွဲ့စည်းပုံပြင်ဆင်ခြင်းပုဒ်မ ၄၃၆ နဲ့ နိုင်ငံတော်သမ္မတအရည်အချင်း ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉ (စ)ကို မပြင်ဖို့ တပ်မတော်သားကိုယ်စားလှယ်တွေက လွှတ်တော်ထဲမှာထောက်ခံခဲ့တာနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ပြောကြားခဲ့ပါတယ်။
"ဦးဆောင်မှုအခန်းကဏ္ဍပေါ့ လုပ်မယ့်ပုဂ္ဂိုလ်ကတော့ ဒါတွေအကုန်လုံးနဲ့ ကင်းရှင်းတဲ့လူဖြစ်ရင်တော့ ပိုကောင်းတာပေါ့၊ တစ်ဘက်ကနဲ့ ပတ်သက်နေလို့ရှိရင်တော့ နောက်တစ်ဘက်က ပြဿဿဿဿ နာရှိနိုင်တယ်၊ ဒါ့ကြောင့် ဒီလိုမျိုး ဘယ်လိုမှကို မပတ်သက်တဲ့ မြန်မာနိုင်ငံသာ စစ်စစ်တွေပဲ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ ရှိသင့်တယ်လို့ ဒါသတ်မှတ်ခြင်းဖြစ်ပါတယ်၊ ဒါကြောင့် သံသယဖြစ်စေမယ့် သားသမီး မြေးမြစ်ထိပေါ့ ပြောရရင် သားသမီး သားမက်တို့ ချွေးမတို့ကအစပေါ့ ဒါတွေကို လုပ်ခဲ့ တာဖြစ်ပါတယ်။ ဒါကတော့ ကျတော့ရဲ့ အမြင်ပေါ့"
တပ်မတော်အနေနဲ့ နောင်လာမယ့်သမ္မတလောင်းအတွက် တပ်မတော်ကိုယ်စားလှယ် အစုအဖွဲ့အပေါ် ကိုယ်စားပြုမယ့်ပုဂ္ဂိုလ်ကို စဉ်းစားထားပါသလားလို့ မေးမြန်းရာမှာ အဲဒီလို စဉ်းစားထားတာ မရှိသေးကြောင်း၊ ရွေးကောက်ပွဲပြီးတဲ့အထိ စောင့်ကြည့်ရမှာဖြစ်ကြောင်း ပြောဆိုပါတယ်။
တိုင်းရင်းသားဒေသတွေမှာ တပ်မတော်က လူ့အခွင့်အရေး ချိုးဖေါက်မှုတွေရှိနေတယ်လို့ ဝေဖန်ကြတဲ့ အပေါ် မေးမြန်းရာမှာ တပ်မတော်က မစော်ကားဘူးလို့ မငြင်းလိုကြောင်း၊ ကျူးလွန်တာတွေကို အရေးယူဆောင် ရွက်နေကြောင်း၊ အောက်ခြေအဆင့်ဆင့်မှာ တိုင်ကြားလို့ အရေးယူဆောင်ရွက်တာတွေမရှိရင် ကာကွယ်ရေးဦးစီးချုပ် အထိ တင်ပြနိုင်ကြောင်း၊ အဲဒီလို တိုင်ကြားလာမယ်ဆိုရင် ဆောင်ရွက်ဖို့ပျက်ကွက်တဲ့ အောက်ခြေအဆင့်ဆင့် ကိုလည်း သူ့အနေနဲ့ အရေးယူသွားမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို အာအက်ဖ်အေ မြန်မာပိုင်းဌာနမှူး ဒေါ်ညိမ်းရွှေ က နေပြည်တော် တပ်မတော်စစ်ရုံးချုပ်မှာ မနေ့က သီးသန့်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ အဲဒီ့တွေ့ဆုံမေးမြန်းချက် ပထမပိုင်းကို မနေ့ညက ထုတ်လွှင့်ခဲ့ပါတယ်။
အခုထုတ်လွှင့်မယ့် ဒုတိယပိုင်းမှာတော့ အမျိုးသားရင်ကြားစေ့ရေးအကြောင်း၊ ဖွဲ့စည်းပုံပြင်ဆင်ရေးကို တပ်မတော်သားတွေက ဘာကြောင့်ကန့်ကွက်ခဲ့သလဲ၊ တပ်မတော်က လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ရှိနေတယ်ဆိုတဲ့ ပြောဆိုချက်တွေအပေါ် ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထားကို နားဆင်ရမှာဖြစ်ပါတယ်။