ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကန် နိုင်ငံခြားရေးဝန်ကြီးတို့ ကတိပေးစကားပြောကြား

မွန်ပြည်နယ် မော်လမြိုင်မြို့က ပြည်နယ်ခန်းမမှာ အောက်တိုဘာလ ၅ ရက်နေ့က တက္ကသိုလ်တွေနဲ့ အခြေခံပညာ ကျောင်းတွေ အတွက် ကွန်ပျူတာတွေ လှူဒါန်းပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဉ်
မွန်ပြည်နယ် မော်လမြိုင်မြို့က ပြည်နယ်ခန်းမမှာ အောက်တိုဘာလ ၅ ရက်နေ့က တက္ကသိုလ်တွေနဲ့ အခြေခံပညာ ကျောင်းတွေ အတွက် ကွန်ပျူတာတွေ လှူဒါန်းပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဉ် (Photo: Wai Mar Tun/RFA)

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာနိုင်ငံခေါင်းဆောင်တွေက၂ဝ၁၆ ခုနှစ် အတွက် နှစ်သစ်ကူး နှုတ် ခွန်းဆက်စကားတွေ ပြောကြားခဲ့ရာမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အခုလာမယ်၂ဝ၁၆ ခုနှစ်ဟာ မြန်မာပြည်မှာ ဒီမိုကရေစီခိုင်မာရေးအတွက် ထူးခြားတဲ့နှစ်ဖြစ်တယ်၊ တပ်မတော်အနေနဲ့ နှစ်သစ်မှာ အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပေး ပြောကြားလိုက်ပါတယ်။

"၂ဝ၁၆ ခုနှစ်ဟာ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီစနစ် ခိုင်မာစေရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် တင်ဆောင်ရွက်ရမယ့် ထူးခြားတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်၊ တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကပေးအပ်ထားတဲ့ တာဝန်ဝတ္တရားများနဲ့အညီ တိုင်းပြည်အကျိုးကိုရှေးရှုပြီး ဖြစ်ပေါ်လာမယ့် အစိုးရ၊ ပြည်သူ လူထုတို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး အမျိုးသားရေးတာဝန်တွေကို အစဉ်အလာနဲ့အညီ ကျေပွန်စွာထမ်းဆောင် သွားမှာပါ"

ဒီအတောအတွင်းမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း သမ္မတ အိုဘားမားနဲ့ အမေရိ ကန်ပြည်သူတွေကိုယ်စား ဒီဇင်ဘာလ ၃၁ ရက်နေ့စွဲနဲ့ သဝဏ်လွှာတစောင် မနေ့ကထုတ်ပြန်ပြီး မြန်မာပြည်သူ လူထုကို လွတ်လပ်ရေးအကြို နှုတ်ခွန်းဆက်လိုက်ပါတယ်။

အဲ့ဒီစာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာပြည်အတွက် သမိုင်းဝင်ရွေးကောက်ပွဲ မှာ နိုင်ငံတဝှမ်းမှာရှိတဲ့ ပြည်သူ သန်းပေါင်းများစွာက ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ ပြည့်စုံကြွယ်ဝတဲ့ အနာဂတ်ဖြစ်ပေါ်ရေးတို့အတွက် နောက်ထပ်ခြေတစ်လှမ်းကို အမိအရလှမ်းနို်င်ခဲ့ကြကြောင်း ချီးကျူးဖေါ်ပြထားပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်မှာ ဒီမိုကရေစီအဖွဲ့အစည်းတွေ ပိုမိုဖွံ့ဖြိုးအားကောင်းရေး၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးနဲ့ စီပွားရေးပိုမိုဖွံ့ဖြိုးရေးတို့အတွက် ကူညီသွားမယ်လို့ ထပ်လောင်း ကတိပြုပါကြောင်း စသဖြင့်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ဂျွန်ကယ်ရီရဲ့ သဝဏ်လွှာ မှာ ဖေါ်ပြထားပါတယ်။