အကြမ်းဖက်အမှုနဲ့ ထောင်ကျနေသူတွေကို ပြစ်ဒဏ်လျှော့ပေါ့မှာ မဟုတ်ကြောင်း စစ်ခေါင်းဆောင်ပြော
အကြမ်းဖက်လုပ်ရပ်ကြောင့် ပြစ်ဒဏ်ကျခံနေရသူတွေကို ပြစ်ဒဏ်လျှော့ပေါ့ပေးမှာ မဟုတ်ဘူးလို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
- 2022-03-31
-
-
-
အကြမ်းဖက်လုပ်ရပ်ကြောင့် ပြစ်ဒဏ်ကျခံနေရသူတွေကို ပြစ်ဒဏ်လျှော့ပေါ့ပေးမှာ မဟုတ်ဘူးလို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
မတ် ၂၉ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစည်းဝေးမှာ ပြောခဲ့တာကို စစ်ကောင်စီရဲ့ မတ်လ ၃ဝ ရက်နေ့ထုတ် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ ပါဝင်ပတ်သက်နေတာကြောင့် ထာဝရငြိမ်းချမ်းရေးကို ရှေးရှုချိန်ဆဆောင်ရွက်နေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။
ဒီလိုပြောဆိုမှုဟာ အကြမ်းဖက်ဥပဒေနဲ့အရေးယူခံထားရတဲ့သူတွေကို အမြင့်ဆုံးပြစ်ဒဏ်ချမှတ်မယ်ဆိုတဲ့ သဘောသက်ရောက်နေတယ်လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။ ဒါဟာလူထုကို အကြောက်တရားဖြစ်အောင် ရည်ရွယ်တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အစိုးရအဆက်ဆက်မှာ ဒီလို နိုင်ငံရေးသမားတွေနဲ့ သူတို့ကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ လုပ်ခဲ့တဲ့ အကျိုးရလဒ်ကြောင့် တိုင်းပြည်မှာ နှစ်ပေါင်း (၇ဝ) တိုင် ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ဘဲ လက်နက်ကိုင်အဖွဲ့ အသစ်တွေသာ ပေါ်ပေါက်လာနေတာကို စစ်ကောင်စီအနေနဲ့ သတိပြုသင့်တယ်လို့ ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးကာလကနေ အခုနှစ် မတ်လ ၃၁ ရက်နေ့အထိ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကြောင့် သေဆုံးခဲ့ရသူ ၁၇၂၃ ဦးနဲ့ ဖမ်းဆီးခံရသူ တစ်သောင်းရှိပါတယ်။ အယောက် ၈၉ဝ က ထောင်ဒဏ်တွေ ချမှတ်ခံထားရပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် နှစ်ဦးအပါအဝင် လူပေါင်း ၉၁ ဦးက သေဒဏ်ချမှတ်ခံထားရတယ်လို့ AAPP စာရင်းတွေအရ သိရပါတယ်။
စစ်ကောင်စီဟာ ဖမ်းဆီးထားသူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ လူသတ်မှု၊ မတရားအသင်း ဆက်သွယ်မှု၊ ဆူပူအောင် လှုံ့ဆော်မှု စတဲ့ ပုဒ်မတွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေနဲ့ သေဒဏ်တွေ ချမှတ်နေတာပါ။
၂ဝ၂ဝ ရွးကောက်ပွဲ ရလဒ်ကို လက်မခံတဲ့ စစ်ကောင်စီက ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နှင်းတာ ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့သလို ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို အကြမ်းဖက်အဖွဲ့ အဖြစ်သတ်မှတ်ခဲ့ပါတယ်။
ဆက်စပ်သူတွေကိုလည်း ဖမ်းဆီးတာနေအိမ် ချိပ်ပိတ်တာတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့တာပါ။
စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေ၊ သူတို့နဲ့ ဆက်စပ်တဲ့ လုပ်ငန်းရှင်တချို့ကို အရေးယူဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။ ဒါ့အပြင်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ဆောင်ရွက်ဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။