ရခိုင်ဒေသမြောက်ပိုင်း စွပ်စွဲချက်တွေအပေါ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငြင်းဆို


2018.05.01
unsc-minaunghlaing-622.jpg ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်
Photo: Senior General Min Aung Hlaing - facebook

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ARSA အကြမ်းဖက်အဖွဲ့ကို တပ်မတော်က ပစ်မှတ်ထား နယ်မြေရှင်းလင်းစဉ် အတွင်း၊ အရပ်ဘက် မွတ်စလင်တွေအပေါ် မုဒိမ်းမှုနဲ့ လူသတ်မှုတွေ၊ လူမျိုးစု ရှင်းလင်းမှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ မဟုတ်မှန်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြင်းဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ကြတဲ့ မွတ်စလင်ဒုက္ခသည်တွေရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး၊  ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့နဲ့ နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ တနင်္လာနေ့က တွေ့ဆုံခဲ့စဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြင်းဆိုခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာတရားအရ လိင်အကြမ်းဖက်မှုဟာ စက်ဆုပ်ဖွယ်လုပ်ရပ်ဖြစ်လို့ ကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူအပြစ်ပေးနေကြောင်း၊ မြန်မာ့တပ်မတော်သမိုင်းမှာတော့ အဲဒီလိုအမှုတွေ မရှိကြောင်း၊ အခုပေးလိုက်တဲ့ အထောက်အထား စာရွက်စာတမ်း၊ ဓါတ်ပုံမှတ်တမ်းတွေကို အသေအချာ လေ့လာစေ လိုကြောင်း ရှင်းလင်းပြောဆိုခဲ့တယ်လို့ သူ့ရဲ့ဖေ့စ်ဘွတ် လူမှုကွန်ရက် မှာ ဖော်ပြခဲ့ပါတယ်။

ဒါ့ပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်ကို သွားရောက်လေ့ လာတဲ့အခါ၊ ပွင့်ပွင့်လင်းလင်းမေးမြန်းပြီး နှစ်ဘက်မျှမျှတတ စဉ်းစားသုံးသပ်စေလိုကြောင်းလည်း ပြောကြား ခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလက ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ် အတွင်း နောက်ထပ် စစ်ရေးအင်အားမသုံးဖို့ ဒေသခံတွေကို လွတ်လွတ်လွတ်လပ် သွားလာခွင့်၊ အခြေခံ ဝန်ဆောင်မှုတွေ သာတူညီမျှ ရပိုင်ခွင့်၊ နိုင်ငံသား အပြည့်အ၀ ရပိုင်ခွင့်တွေပေးဖို့ တောင်းဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။