ဘာသာရေး ခွဲခြားဆက်ဆံတာမရှိဘူးလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြော
မြန်မာနိုင်ငံမှာ ဘာသာရေးခွဲခြားဆက်ဆံတာမရှိဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး Francis ကို ပြောကြားခဲ့ပါတယ်။
-
2017-11-27 -
-
-
မြန်မာနိုင်ငံမှာ ဘာသာရေးခွဲခြားဆက်ဆံတာမရှိဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး Francis ကို ပြောကြားခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ မနေ့ညနေပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းက စိန့်မေရီ ဘုရားကျောင်းကို သွားရောက်ပြီး ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အခုလို မြန်မာနိုင်ငံကို လာရောက်တဲ့အတွက် ကြိုဆိုကြောင်း၊ ဘာသာတရားအားလုံးဟာ ငြိမ်းချမ်း၊ ညီညွတ်၊ မျှတတဲ့ လောကပါလတရားကို လိုလားကြကြောင်း၊ မြန်မာနိုင်ငံမှာ ဘာသာရေး ခွဲခြားဖိနှိပ်ဆက်ဆံမှု လုံးဝမရှိဘဲ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိကြောင်း၊ တိုင်းရင်းသား အချင်းချင်း ကြားမှာလည်း ခွဲခြားဆက်ဆံမှုမရှိကြောင်း၊ တပ်မတော်ထဲမှာလည်း အလားတူဖြစ်ကြောင်း၊ တပ်မတော်သားတိုင်း တိုင်းပြည် တည်ငြိမ်အေးချမ်းဖို့ ဆန္ဒရှိကြကြောင်း ပြောကြားခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး က သတင်းထုတ်ပြန်ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကလည်း မြန်မာ ပြည်သူလူထုက သောင်းသောင်းဖျဖျ ကြိုဆိုကြလို့ အံသြ ဝမ်းသာ ရကြောင်း၊ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရမှာမို့ ဝမ်းမြောက်ကြောင်း၊ ဘာသာ ပေါင်းစုံ အပြန်အလှန် လေးစားမှုနဲ့ နိုင်ငံသာယာဝပြောနိုင်ကြောင်း၊ မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်နေကြောင်း သိရလို့ ဝမ်းမြောက်ကြောင်း ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။
၄ ရက်တာ သမိုင်းဝင်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ပုပ်ရဟန်းမင်းကြီး Francis ကို သောင်းနဲ့ချီတဲ့ ကက်သလစ်ဘာသာဝင်တွေက သတ်မှတ်ထားတဲ့ နေရာ ၆ခု ကနေ တိုင်းရင်းသားရိုးရာ အဆိုအကတွေနဲ့ ကြိုဆိုခဲ့ကြပါတယ်။
ပုပ်ရဟန်းမင်းကြီး Francis ဖရန်စစ်ဟာ ဒီနေ့ နေပြည်တော်ကိုသွားရောက်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ အစိုးရအဖွဲ့ဝင်တွေ၊ သံတမန်တွေနဲ့တွေ့ဆုံမှာပါ။ အဲဒီနောက် နေပြည်တော် မြန်မာ ကွန်ဗင်းရှင်း စင်တာ(၂)မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ မနက်ဖြန် ကျိုက္ကစံအားကစားကွင်းမှာ တစ်နိုင်ငံလုံးက ကက်သလစ်ဘာသာဝင်တွေနဲ့အတူ ဆုတောင်းမေတ္တာပို့သမှာဖြစ်ပါတယ်။ အဲဒီနောက် ကမ္ဘာအေးကုန်းမြေမှာ နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်တွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး၊ စိန့်မေရီ ဘုရားကျောင်းမှာလည်း မြန်မာ ကက်သလစ် ဆရာတော်တွေနဲ့ တွေ့ဆုံမှာပါ။ နိုဝင်ဘာ ၃၀ ရက်နေ့မှာတော့ လူငယ်တွေနဲ့ တွေ့ဆုံဝတ်ပြုပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။