AA ရက္ခိုင့်တပ်မတော်က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ထဲက နယ်ခြားစောင့်ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တာဟာ တာဝန်မဲ့လုပ်ရပ်ဖြစ်လို့ တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၂၂ ရက်နေ့က နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်း တို့ တွေ့ဆုံစဉ် အဲဒီလို ထည့်သွင်းပြောကြားခဲ့တာလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က သတင်းထုတ်ပြန် ထားပါတယ်။
ထာဝရငြိမ်းချမ်းရေးရဖို့အတွက် အစိုးရနဲ့ တပ်မတော် ဆောင်ရွက်နေမှုတွေကို ကူညီဆောင်ရွက်ပေးနေမှု အခြေအနေ၊ တပ်မတော်က စစ်တိုင်းကြီး ၅ ခုမှာ စစ်ဆင်ရေး ၄ လ ကြာရပ်ဆိုင်းထားမယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို တရုတ်နိုင်ငံက ထောက်ခံတဲ့အခြေအနေ၊ AA အဖွဲ့က ရခိုင်ပြည်နယ်က နယ်ခြားစောင့် ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တာဟာ လက်မခံနိုင်စရာ တာဝန်မဲ့လုပ်ရပ်ဖြစ်လို့ တရုတ်နိုင်ငံက ပြင်းထန်စွာရှုတ်ချတယ်ဆိုတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
AA ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ တရုတ်သံအမတ်ရဲ့ ပြောကြားချက်အပေါ် ဘာမှတ်ချက်မှ မပေးလိုဘူးလို့ ပြောပါတယ်။
တဆက်တည်းမှာပဲ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနဲ့ အာရှရေးရာအထူူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်တို့ ရန်ကုန်မြို့ ရွှေလီလမ်းက အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ မနေ့က တွေ့ဆုံခဲ့ကြပြီး ငြိမ်းချမ်းရေးလုပ်ငန်း ၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ FPNCC အဖွဲ့ဝင် AA ရက္ခိုင့်တပ်မတော်အပေါ် တရုတ်နိုင်ငံရဲ့ သဘောထားက ပြောင်းလဲသွားပြီလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါပြီ။
NCA စာချုပ် လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံးအပေါ်မှာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုရှိနေတယ်လို့ စစ်ရေး၊ နိုင်ငံရေးလေ့လာသူတွေက ပြောကြပါတယ်။
AA ရက္ခိုင့်တပ်မတော်ဟာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်ပြီး နေပြည်တော်မှာ တတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံ ကျင်းပတဲ့အခမ်းအနားတွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်း ဦးဆောင်ပြီး ခေါ်ဆောင်လာခဲ့တဲ့အတွက် ငြိမ်းချမ်းရေး ဖြစ်စဉ်လမ်းကြောင်းထဲကို ဆွဲတင်လာတာလို့ လေ့လာသူတွေက ဆိုကြပါတယ်။
အခု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ဆုံဆွေးနွေးစဉ် တရုတ်နိုင်ငံက AA ကို ကန့်ကွက်တယ်၊ လက်ရှိမှာ လည်း ရခိုင်ပြည်မြောက်ပိုင်းဘက်မှာ တိုက်ပွဲတွေက မပြီးသေးတဲ့အချိန်လည်းဖြစ်တာမို့ AA အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲပါလာနိုင်ဖို့ အလှမ်းဝေးနိုင်မယ်လို့လည်း ယူဆနေကြပါတယ်။
AA ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ တရုတ်နိုင်ငံက ရှုတ်ချလိုက်တယ်လို့ ပြောကြားချက်အပေါ် အခုလိုပြောပါတယ်။
‘’ကျွန်တော်တို့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှတော့ မှတ်ချက်ပေးစရာမရှိဘူးခင်ဗျ၊ ခုဆိုရင် ကျွန်တော်တို့ကိုတော့ အဲလိုဖိအားပေးတာတွေတော့ မရှိပါဘူး’’
တဆက်တည်းမှာ မနေ့က ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း ရန်ကုန်မြို့ NRPC ရုံးမှာလည်း ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
AA နဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေရှိခဲ့တယ်ဆိုတာကို မြန်မာငြိမ်းချမ်းရေးကော်မတီအဖွဲ့ဝင် ဦးအောင်စိုးက အခုလို ပြောပါတယ်။
‘’ဒီနေ့လည်း သတင်းစာမှာတွေ့ပါတယ် သူတို့ပြောထားတာ၊ အဲဒီသဘောထားတွေပါပဲ၊ သူတို့တွေ ပြောတဲ့ အတိုင်း ကျွန်တော့်အနေနဲ့ ဘာမှမပြောချင်လို့ပါခင်ဗျ၊ အားလုံးပါပဲဗျ ခြုံငုံပြီးပြောတာပါပဲ၊ ကောင်းပါတယ်ဗျ ကျွန်တော်အဲလောက်ပဲပြောချင်ပါတယ်၊ အကြမ်းဖျင်းပြောရင်တော့ အများကြီးတိုးတက်ပါတယ်ဗျ၊ ချင်းမိုင်သွား တာတွေရော တရုတ်ပြည်သွားတာတွေရော အခုမနေ့ကတွေ့တာရောပေါ့၊ ဒီလထဲမှာ ကျွန်တော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အများကြီးတိုးတက်တယ် ကျွန်တော်တော့ ကျေနပ်တယ် အားရတယ်’’
ဇန်နဝါရီလ ၂၁ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့မှာ ကျင်းပတဲ့ KIO နဲ့ ငြိမ်းချမ်းရေးကော်မရှင် NRPC တို့ တွေ့ဆုံပွဲမှာ AA ရခိုင်အဖွဲ့၊ ကိုးကန့် MNDAA၊ တအာင်းပလောင် TNLA အဖွဲ့တွေဟာ KIO နည်းတူ အစိုးရ တပ်မတော်နဲ့ တစ်ဖွဲ့ချင်းအလိုက် နှစ်ဖက်အပစ်အခတ်ရပ်စဲရေး စာချုပ်မရှိသေးတဲ့အတွက် အဲဒီ ၄ ဖွဲ့နဲ့ အတူတကွ ဆွေးနွေးလိုတယ်လို့ KIO က တောင်းဆိုထားပါတယ်။
တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံထဲမှာ အကောင်အထည်ဖော်မယ့် စီမံကိန်းလုပ်ငန်းကြီးတွေအတွက် ရင်းနှီးမြှပ်နှံမှုတွေများလွန်းတာမို့ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ် သူ့ရဲ့ သြဇာလွှမ်းမိုးမှုကိုလည်း ခိုင်မာအောင် လုပ်ဆောင်လာနေပါတယ်။
စစ်ရေး နိုင်ငံရေး လေ့လာသူတစ်ဦးဖြစ်တဲ့ စာရေးဆရာ ဦးသန်းစိုးနိုင်က အခုလို သုံးသပ်ပြောပါတယ်။
‘’တရုတ် OBOR စီမံကိန်းတွေအောင်မြင်ဖို့ရာ မြန်မာပြည်ငြိမ်းချမ်းရေးဟာလည်း သူတို့အတွက်အရေးကြီးတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်၊ AA က ရဲစခန်းတွေ ဝင်တိုက်တဲ့ကိစ္စက တော်တော်လေးကို စိတ်အနှောင့် အယှက်ဖြစ်သွားပုံရပါတယ်၊ သူအခုမကြာခင်ကလည်း AA နဲ့တွေ့ပြီးသွားပြီ၊ ဘာတွေပြောသလဲတော့ မသိဘူးပေါ့ဗျာ၊ ကျွန်တော်ထင်တာကတော့ ဒီလိုလှုပ်ရှားမှုတွေကို ကန့်သတ်ဖို့ တောင်းဆိုလိမ့်မယ်၊ AA ကြောင့်ဖြစ်လာတဲ့ အခြေအနေပေါ်မှာ မြောက်ပိုင်းအဖွဲ့တွေ NCA လမ်းကြောင်းပေါ် လျှောက်လှမ်းဖို့အတွက် ဦးတည်ပြီးတော့ တပ်မတော်နဲ့လည်း ဆွေးနွေးတယ်ထင်ပါတယ်၊ AA အတွက်တော့ လမ်းဆုံလမ်းခွရောက်နေပြီ မီးနီတွေပြနေပြီ ဘယ်လမ်းရွေးမှာလည်းဆိုတာက AA ဆက်စဉ်းစားဖို့ပါ၊ ကျွန်တော်ထင်တာတော့ မြောက်ပိုင်းအဖွဲ့တွေလည်း တရုတ်ရဲ့သဘောထားကို လွန်ဆန်လို့မရပါဘူး၊ တပ်မတော်လည်း လွန်ဆန်နိုင်တဲ့ အနေအထားမရှိပါဘူး၊ AA အနေနဲ့ အဲဒီအထဲကနေ ပြီးတော့ အမျိုးသားရေးနဲ့ သီးခြားရခိုင်သမ္မတနိုင်ငံ တည်ထောင်ရေးလမ်းကြောင်း ဆက်လျှောက်မယ်ဆိုရင်တော့ ဆိုးရွားတဲ့ကံကြမ္မာတွေနဲ့ ရခိုင်ပြည်သူတွေနဲ့ AA အဖွဲ့အစည်းရောကြုံလိမ့်မယ်လို့ ကျွန်တော်တော့ မျှော်မှန်းမိပါတယ်ဗျာ၊ ဒါကတော့ ကျွန်တော်တို့ မဖြစ်စေချင် တဲ့ကိစ္စပါ’’
ငြိမ်းချမ်းရေးဖြစ်စဉ်ကို တရုတ်က ထဲထဲဝင်ဝင်နဲ့ ကြားဝင်နေတာတွေက သူ့ရဲ့သြဇာကြီးမားမှုကို ပြသနေတာဖြစ် သလို AA ကိုလည်း သူ့အနေနဲ့ ဘယ်လိုသြဇာသုံးမလဲဆိုတာ စောင့်ကြည့်ရမယ်လို့ သုံးသပ်ကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။