အစ္စလာမ်နဲ့ ခရစ်ယာန် ဘာသာရေးကျောင်းတွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်လှူဒါန်း

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်မှာရှိတဲ့ ဦးကျေး ဂျာမေ့ဗလီကို ၂၀၁၉၊ သြဂုတ် ၂၅ ရက်နေ့က အလှူငွေ ကျပ် သိန်း ၃၀ နဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ တွေ လှူဒါန်းစဉ်
နေပြည်တော်၊ ပျဉ်းမနားမြို့နယ်မှာရှိတဲ့ ဦးကျေး ဂျာမေ့ဗလီကို ၂၀၁၉၊ သြဂုတ် ၂၅ ရက်နေ့က အလှူငွေ ကျပ် သိန်း ၃၀ နဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ တွေ လှူဒါန်းစဉ် (Photo: http://www.cincds.gov.mm)

0:00 / 0:00

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်မှာရှိတဲ့ စိန့်မိုင်ကယ် ကက်သလစ် ဘုရားကျောင်းနဲ့ ဦးကျေး ဂျာမေ့ဗလီတွေကို မနေ့က သွားရောက်ပြီး ခရစ်ယာန်ဘာသာရေး အသင်းအဖွဲ့တွေ နဲ့ အစ္စလာမ်ဘာသာရေး အသင်းအဖွဲ့တွေအတွက် အလှူငွေ ကျပ် သိန်း ၃၀ နဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ တွေကို လှူဒါန်းခဲ့တယ်လို့ တပ်မတော်ပိုင် သတင်းမီဒီယာတွေမှာ ဒီကနေ့ ရေးသားဖော်ပြထားပါတယ်။

အခုလိုဘာသာခြား ဗလီနဲ့ ခရစ်ယာန်ကျောင်းတွေကို သွားရောက်လှူဒါန်းမှုဟာ နိုင်ငံတကာရဲ့ ဖိအားတွေကို လျော့ကျစေချင်တာကြောင့်လားလို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ အဲဒီဝေဖန်မှုတွေကို ငြင်းဆို လိုက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် သွားရောက်လှူဒါန်းတာဟာ နိုင်ငံထဲမှာ စည်းလုံး ညီညွတ်ဖို့ လိုအပ်နေတဲ့အချိန်ဖြစ်လို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

"နိုင်ငံတကာရဲ့ဖိအားပေးမှုနဲ့ ဒါနဲ့မဆိုင်ပါဘူးဗျ၊ ကျွန်တော်တို့အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကိုလုပ်ခြင်း ဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာ လိုအပ်နေတာက အားလုံးစည်းလုံးညီညွတ်ရေး လိုအပ်နေတဲ့ အချိန်မှာ အားလုံး စည်းလုံး ညီညွတ်အောင် စည်းလုံးညီညွတ်နေကြအောင် လုပ်နိုင်တဲ့မှန်သမျှကို ကျွန်တော်တို့က အားလုံး သဘောပေါက်စွာ နဲ့ လိုက်ပါလုပ်ဆောင်ရမှာဖြစ်ပါတယ်၊ လှူဒါန်းသင့် လှူဒါန်းထိုက်လို့ လှူဒါန်းတာဖြစ်တယ်၊ စည်းလုံးညီညွတ်မှု လိုအပ်တယ်ဆိုတာ ကျွန်တော်တို့ နိုင်ငံအနေနဲ့ နိုင်ငံရေးအရ စည်းလုံးမှု၊ ပြည်သူလူထုအတွင်း မှာ လူမှုရေးအရ စည်းလုံးမှု၊ ဘာသာရေးအရ စည်းလုံးမှု အားလုံးလိုအပ်နေတဲ့အချိန်ဖြစ်တယ်၊ အဲလို လိုအပ်နေတဲ့အချိန်မှာ လိုအပ်နေတဲ့လုပ်ငန်းတွေကို လုပ်ဆောင်ခြင်းဖြစ်တယ်လို့ပဲ ကျွန်တော်ပြောလိုပါတယ်"

အခြေအနေတိုင်းမှာတော့ ဗျူဟာတွေရှိကြသလို သံတမန်ကိစ္စတို့ လူမှုရေးကိစ္စတို့မှာလည်း လုပ်လေ့လုပ်ထ ရှိပေမယ့် အခုလို သွားရောက်လှူဒါန်းတဲ့အပေါ် ကြိုဆိုတယ်လို့ ကိုဖီအာနန်ကော်မရှင်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့တဲ့ ဦးအေးလွင်က အခုလိုပြောပါတယ်။

ကုလသမဂ္ဂ လွတ်လပ်တဲ့ အချက်အလက်ရှာဖွေဖော်ထုတ်ရေးမစ်ရှင် FFM အဖွဲ့က သြဂုတ် ၂၃ ရက်နေ့က ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ မြန်မာ့တပ်မတော် လုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ တခြားသူတွေ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တာနဲ့ တချို့ဒေသတွေမှာ ဆက်လက် ကျူးလွန်နေတာဟာ တပ်မတော်ရဲ့ လူမျိုးတုံးဖယ်ရှားရေး ရည်ရွယ်ချက်ကို ဖော်ပြနေတယ်လို့ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် USCIRF က ကြေညာချက် ထုတ်ပြန်ပြောဆို ထားတာလည်းရှိလို့ မနေ့က သွားရောက်လှူဒါန်းမှုအပေါ် အခုလိုသုံးသပ်မှုတွေ ထွက်ပေါ်လာတာပါ။

"တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ သွားတာတော့ ဒါပထမဦးဆုံးအကြိမ်ပေါ့နော်၊ ကျွန်တော်တို့ကတော့ ကြိုဆိုပါတယ်၊ Situation တွေမှာတော့ သူ့ဗျူဟာတွေကတော့ ရှိကြတာပေ့ါနော်၊ သံတမန်ကိစ္စတို့ လူမှုရေးကိစ္စ တို့ကတော့ ဒါလုပ်လေ့လုပ်ထရှိတဲ့ ကိစ္စတွေပါပဲလေ၊ သို့သော် ကျွန်တော်တို့ အနေနဲ့ကတော့ အကောင်းမြင်ဘက် ကနေပဲ ကြည့်ပြီးတော့ ကြိုဆိုတယ်လို့ပြောချင်တယ်၊ နောက်တစ်ချက်က သူသွားလိုက်တဲ့ရွာက တော်တော်လေး ကို သမိုင်းဝင်တယ်ဗျ၊ ကျွန်တော်တို့ သူ့ကျွန်မခံပြီဆိုတဲ့ မြန်မာ-မွတ်စလင် အာဇာနည်သူရဲ့ကောင်းကြီးတွေက အင်္ဂလိပ်ကို ပြန်တော်လှန် တိုက်ခိုက်ခဲ့တဲ့ မြန်မာ-မွတ်စလင် တပ်မှူးကြီး ထူထောင်ခဲ့တဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀ လောက်က ရွာကြီးကို သူသွားခဲ့တာဗျ၊ အဲတော့ မြန်မာ-မွတ်စလင်သမိုင်းကလည်းပဲ အဲဒီမှာ မြန်မာ့လူ့ဘောင်မှာ ခွဲခြားလို့မရအောင် တစ်သားထဲဆိုတာ ပေါ်လွင်သွားတယ်ဗျ"

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ လက်ထက်က အစ္စလာမ်ဘိုးဘွားတွေကို တပ်မတော်ရဲ့ စားနပ်ရိက္ခာတွေ လှူဒါန်းတာရှိခဲ့သလို သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်ကလည်း လှူဒါန်းတာတွေရှိခဲ့ပေမယ့် ဒီမိုကရေစီ အစိုးရလက်ထက်မှာတော့ တပ်မတော်ကာကွယ်ကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်လှူဒါန်းတာ ပထမဆုံးဖြစ်လို့ ကြိုဆိုတယ်လို့လည်း ဦးအေးလွင်က ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကတော့ အခုလိုလုပ်တာဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စောင့်ကြည့်မှုကို သွယ်ဝိုက်ပြီး တုံ့ပြန်တဲ့ခြေလှမ်းဖြစ်တယ်လို့ အခုလိုသုံးသပ်ပါတယ်။

"ကျွန်တော့်အမြင်ကတော့ ဒါ တစ်ဘက်ကပြန်ကြည့်ရင်လည်းပဲ တပ်မတော်အနေနဲ့ပေ့ါလေ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့အလေးထားမှု၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စောင့်ကြည့်မှုအပေါ်မှာ သွယ်ဝိုက်ပြီးတော့ တုံ့ပြန်တဲ့ ခြေလှမ်းတစ်ခုလို့ ကျွန်တော်ကတော့မြင်ပါတယ်၊ အဲတော့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စိုးရိမ်မှုတွေ ပူပင်ကြောင့်ကြမှုတွေ နောက် စောင့်ကြည့်မှုတွေအပေါ်မှာ တပ်မတော်အနေနဲ့လည်း သတိကြီးကြီးထားပြီးတော့ ဒါဆောင်ရွက်နေတယ်ဆိုတာကို ပြသချင်တဲ့သဘောလို့လည်း မြင်ပါတယ်ဗျ"

တပ်မတော်အနေနဲ့ နှစ်စဉ်ဝါတွင်းကာလမှာ ဘုန်းကြီးကျောင်းတွေ သီလရှင်စာသင်တိုက်တွေနဲ့ ဘိုးဘွားရိပ်သာ တွေကို ဆန်၊ ဆီ၊ ဆား၊ ပဲနဲ့ အလှူငွေတွေ စတင်လှူဒါန်းခဲ့တာ ၁၉၉၆ ခုနှစ်ကတည်းကဖြစ်ပြီး ဒီနှစ်မှာမှ ပျဉ်းမနား မြို့နယ်ထဲက ခရစ်ယာန်ဘာသာ ဘုရားကျောင်း ၁၁ ကျောင်းနဲ့ အစ္စလာမ် အာရဗီ အထက်တန်း ကျောင်း၊ ဗလီ ၁၃ ခုတို့ကို ထည့်သွင်းလှူဒါန်းတာဟာ ဘာသာရေးဆိုင်ရာကိစ္စရပ်တွေ ဆောင်ရွက်ရာမှာ အထောက်အကူရရှိစေဖို့ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့ကလှူဒါန်းရာမှာ ထည့်သွင်း ပြောကြားခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒီအပေါ်မှာ တစ်ခုခုကို မျှော်ကိုးပြီးလှူဒါန်းတာလို့ မမြင်ဘူးလို့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ တစ်ယောက် ဖြစ်တဲ့ မစိမ်းမို့မို့က RFA ကို အခုလိုပြောပါတယ်။

"အမက အလှူကို အလှူတစ်ခုလို့ပဲမြင်တယ်၊ တစ်ခုခုအကျိုးကို မျှော်ကိုးပြီးတော့လှူတယ်ဆိုတာ အမတို့ ဗုဒ္ဓဘာသာမှာမရှိဘူး၊ အခြားမျှော်ကိုးပြီး လှူတယ်လို့တော့ အမအနေနဲ့မမြင်ဘူး၊ ဘာပဲဖြစ်နေပါလေ့စေ အခုနောက်ပိုင်း အစိုးရကလည်း ဘာသာပေါင်းစုံ ဘာသာပေါင်းစုံ ခဏခဏလုပ်တဲ့အခါမှာ ကျွန်မတို့ ဒီတပ်မတော်ဘက်ကနေပြီးတော့မှလည်း ဒီဘာသာပေါင်းစုံပေါ့၊ မောင်လေးလည်းတွေ့မှာပါ ချစ်ကြည်ရေးပွဲတွေ တော်တော်များများမှာလည်း သူတက်လေ့တက်ထရှိပါတယ် ဟုတ်တယ်မလား၊ အခြားဘာသာတွေပါ လာတဲ့ပွဲတွေမှာလည်း တက်လေ့တက်ထတွေ တွေ့ပါတယ်၊ ဆိုတော့ အခုလည်း အမ အလှူတစ်ခု လုပ်လိုက်တယ်လို့ပဲ မြင်ပါတယ်"

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည်စုံသည့် ဘာသာသာသနာအဖြစ် အသိအမှတ်ပြုသကဲ့သို့ ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကိုလည်း ကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ်ပြုထားကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့ကလှူဒါန်းရာမှာ ထည့်သွင်းပြောခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။

(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)